Main menu

“သရဖီပန်းဈေးကွက်”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် လယ်တွင်းကိုးခရိုင် ဒေသတစ်ခုဖြစ်ပြီး ဆည်ရေသောက်ဒေသဖြစ်သည့်အလျောက် သီးနှံပင်များ ပန်းမာန်များလဲ ရောင်စုံဖူးပွင့်လျက်ရှိပါ သည်။ ရာသီအလိုက်ပွင့်သောပန်းများအနက် သရဖီပန်းပင်များကို အရိပ်ရရန်အတွက် စိုက်ပျိုးရုံ သာမက စီးပွားဖြစ်ခြံထောင့်များတွင် သရဖီပင်များကိုလဲ စိုက်ပျိုးလာကြပါသည်။ တပေါင်းလတွင် ပွင့်သော သရဖီပန်းများလည်း စတင်ပွင့်ဖူးလျက်ရှိပါသည် ။ သရဖီပန်းအသက်သည် (၇)ရက်သာ ပွင့်လန်းကြပါသည်။သရဖီပန်းကို ခူးဆွတ်ရောင်းချသူများသည် အပင်ကို ငြမ်းဆင်ပြီး ငြမ်းပေါ်မှ နေ၍ ရောင်းတန်းဝင် အပွင့်အဖူးလေးများကို ခူးဆွတ်ရောင်းချကြပါသည်။ လှသောပန်းဖူးလေးများကို ရရှိရန်အတွက် မနက်(၄)နာရီတွင် ဓာတ်မီး၊ မီးအိမ်များဖြင့် တက်၍ ခူးဆွတ်ရကြောင်း၊ ပန်းများကို အနေတော်အကုံးလေးများ သီကုံးကာ ဈေးထဲတွင် တစ်ကုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချပေးပြီး၊ သီကုံးမရောင်းချနိုင်သူများမှာ နို့ဆီဗူးချင်ဖြင့် ရောင်းချပေးကြောင်း၊ နို့ဆီဗူးတစ်ဗူးလျှင်(၁၀၀၀)ကျပ် ဖြစ်ကြောင်း၊ အချို့သရဖီပန်းပင်ပိုင်ရှင်များသည် အပွင့်အစိုများကို ခူးမရောင်းဘဲ အပင်အောက်တွင် မိုးကာများခင်းကာ ပွင့်ခြောက်များ အကြွေစောင့်၍ စုယူကောက်ယူပြီး အခြောက်ရောင်းချကြ ကြောင်း၊ အခြောက်(၁)ပိဿာလျှင် (၂၀၀၀၀/-)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ပင်ကြီးသရဖီတစ်ပင် လျှင်တစ်နှစ်ကို(၁၅၀၀၀၀-၂၀၀၀၀၀)ကျပ် အထိဝင်ငွေရှိကြောင်း၊ သရဖီပန်းခြောက်များကို သနပ်ခါး၊ ရေမွှေးထုတ်သူများမှ လာရောက်ဝယ်ယူကြကြောင်း သိရှိရပါသည် ။ သရဖီပင်စိုက်ပျိုးလိုသူများ အနေဖြင့် ပျိုးပင်များဝယ်ယူ၍ရကြောင်း ၊ သရဖီပင်အရွယ်အစားအလိုက်(၁)ပင်လျှင် (၂၀၀၀/-)ကျပ် မှ (၃၀၀၀/-)ကျပ်ထိရှိကြောင်း ၊  သရဖီပင်စိုက်ပျိုးခြင်းဖြင့် အရိပ်လဲရ ဝင်ငွေတိုးသောကြောင့် သရဖီပန်းပင်များကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။   

DOCA(မန္တလေး)