ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သည် သစ်တောထွက် သယံဇာတ တစ်ခုဖြစ်သော သဘာဝပျားရည်စစ်စစ်ထွက်ရှိရာ မြို့တစ်မြို့ဖြစ်ပါသည်။ သဘာဝပျားရည်သည် စားသုံးရာတွင် အရသာရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် ကိုယ်အလေးချိန်လျှော့ချခြင်း၊ အမြင်အာရုံအားနည်းသူများအတွက် တိုးတက်ကောင်းမွန်စေခြင်း၊ အအေးမိချောင်းဆိုးရောဂါများကို သက်သာစေခြင်းနှင့် အစာကြေလွယ်၍အိပ်ပျော်စေခြင်းစသည့် ကျန်းမားရေးကောင်းကျိုးများကို ရရှိစေပါသည်။ သဘာဝပျားရည်သည် ကျိုင်းတုံမြို့ရှိ တောင်ပေါ်ငါးအုပ်စု (နမ့်ခတ်၊ နမ့်အင်း၊ မိုင်းအင်း၊ နောင်ကော၊ နားပေါ်)တွင် အဓိကထွက်ရှိပြီး တောင်သူများသည် လယ်ယာလုပ်ငန်းခွင် နားချိန်၌ ပျားရှာ၊ ပျားဖွတ်ခြင်းများ လုပ်ကိုင်ကြပါသည်။
တောင်ပေါ်ငါးအုပ်စုဒေသ၌ မိုးရာသီနှင့် ဆောင်းရာသီတွင် လယ်ယာလုပ်ငန်းခွင် အလုပ်များပြားသော်လည်း ယခုကဲ့သို့ နွေဦးကာလ (၄)လပိုင်း ဧပြီလမှစ၍ (၆)လပိုင်း ဇွန်လအတွင်း ပျားရှာ၊ ပျားဖွတ်ကြသော လုပ်ငန်းဖြင့် ဝင်ငွေရရှိနေပါသည်။ လက်ရှိရောင်းချရာ၌ ပျားသလက်၊ ပျားရည်ဟူ၍ (၂)မျိုးရှိပြီး ပျားသလက် (၁)ပိဿာလျှင် ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀)အတွင်း ရောင်းရပြီး လတ်လတ်ဆတ်ဆတ် စားသုံးလိုသူများအတွက် အဆင်ပြေ၍ အကြိုက်တွေ့ကြကြောင်း ကျိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက ပြောကြားပါသည်။
ကျိုင်းတုံမြို့မဈေးကွက်၌ သဘာဝပျားရည် တစ်ပုလင်းလျှင် ကျပ် (၁၀၀၀၀)မှ ကျပ် (၁၂၀၀၀)ပေါက်ဈေး ရရှိပါသည်။ ဆေးဖက်ဝင်အဖြစ် ဝယ်ယူစားသုံးသူများပြားပြီး လူကြီးမိတ်ဆွေ၊ သူငယ်ချင်းများသို့ လက်ဆောင်အဖြစ် ရောင်းချနေရာ၌ ပျားရည်ဝယ်ယူသူများ များပြားလျက်ရှိကြောင်း ရောင်းချသူထံမှ သိရပါသည်။
DOCA(ရှမ်း)