
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကုန်သည်များသည် သမာရိုးကျဈေးရောင်းဈေးဝယ် သည့်စနစ်မှ အွန်လိုင်းစီးပွားရေး (E-commerce) စနစ်သို့ လျင်မြန်စွာ ကူးပြောင်းလာနေကြ ပြီဖြစ်ပါသည်။ စမတ်ဖုန်းနှင့် အင်တာနက်အသုံးပြုမှု မြင့်တက်လာခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် အွန်လိုင်းဝယ်ယူမှုများ ကျယ်ပြန့်လာခြင်းနှင့် နည်းပညာတိုးတက်မှုတို့က ဒေသခံလုပ်ငန်းရှင်များအား ဒစ်ဂျစ်တယ်စနစ်သို့ အရှိန်မြှင့်တင်စေခဲ့သည်။
ပုသိမ်မြို့တွင် Facebook Page, Tiktok ,Messenger,Viber နှင့် Telegram ကဲ့သို့သော လူမှုကွန်ရက်များမှတစ်ဆင့် အစားအသောက်၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းများနှင့် ဒေသ ထွက်ကုန်များကို အွန်လိုင်းမှတစ်ဆင့် ရောင်းချသူများ များပြားလာသည်။ အထူးသဖြင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်နှင့် အခြားရေထွက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ဆန်စပါးများကို အွန်လိုင်းဈေးကွက်ဖြင့် ပြည်တွင်းသို့ရော နိုင်ငံတကာသို့ပါ တိုက်ရိုက်ရောင်းချနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။
ဒေသခံ လုပ်ငန်းရှင် တစ်ဦးဖြစ်သူက " အွန်လိုင်းကနေ ရောင်းတဲ့အခါ ဈေးကွက် ပိုကျယ် ပြန့်ပြီး အချိန်မရွေးသည့်အပြင် အားလပ်ရက်တွေမှာပါ ရောင်းချလို့ရတယ်အပြင် ၎င်းနည်းပညာ သည် မြို့ပြတွင် သာမက ကျေးလက်ဒေသများက လုပ်ငန်းတွေကိုပါ အခွင့်အလမ်းသစ်တွေ ဖန်တီးပေးနေပါတယ်" ဟု ပြောကြားခဲ့သည်။
သမာရိုးကျဈေးရောင်းဈေးဝယ်စနစ်မှ အွန်လိုင်းရောင်းဝယ်ရေးစနစ်သို့ ကူးပြောင်းမှုသည် ပုသိမ်မြို့နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှပါဝင်လာပြီး အနာဂတ်တွင် ဒစ်ဂျစ်တယ် စီးပွားရေးပိုမိုတိုးတက်လာစေရန် အစိုးရနှင့် အဖွဲ့အစည်းများကလည်း သင်တန်းများနှင့် နည်းပညာအထောက်အပံ့များ ပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)