
သနပ်ခါးသည် မြန်မာလူမျိုးတို့အတွက် ချစ်ခင်မြတ်နိုးနှစ်သက်ကြသည့် အရာတစ်ခုဖြစ်ပါသည်။ သနပ်ခါးကို အလှအပအတွက်သော်လည်းကောင်း၊ အပူဒဏ်နေလောင်ဒဏ်မှ ကာကွယ်ရန် အတွက်သော်လည်းကောင်း၊ ဆေးဝါးအဖြစ်သော်လည်းကောင်း သုံးစွဲကြပါသည်။ သနပ်ခါးကို ကလေးလူကြီးကြိုက်နှစ်သက်သလို အမျိုးသမီးများအပြင် အမျိုးသားများမှာလည်း လိမ်းချယ်ကြလေ့ရှိပါသည်။ များသောအားဖြင့် သနပ်ခါးထွက်ရှိရာ အညာဒေသရှိ အညာသူအညာသားများအား သနပ်ခါးအဖွေးသားနှင့်မြင်တွေ့မှုများပါသည်။ သနပ်ခါးသည် ဆောင်းမှာနွေး၊ နွေမှာအေး ဆိုသည့် စကားအတိုင်းသနပ်ခါး၏ အာနိသင်ကြောင့် မြန်မာလူမျိုးများသည် မွေးကင်းစအရွယ်မှစ၍ အသက် အရွယ်မရွေးသနပ်ခါးလိမ်းကြသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀)ကျော်ကပင် လိမ်းချယ်ခဲ့ကြကြောင်း မှတ်သားသိရှိရသည်။ သနပ်ခါးသည် စိတ်ကြည်လင် လန်းဆန်းပြီး အသားအရေကိုအေးမြချောမွေ့စေပါကြောင်း၊ သနပ်ခါးသည်ဆေးဖက်ဝင်သော အပင် တစ်မျိုးဖြစ်ပြီး သနပ်ခါးမြစ်ကို အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများတွင် လိမ်းပေးပါက သက်သာစေခြင်း၊ သွေး၍သောက်သုံးပါက ဝမ်းအတွင်းရှိအညှော်နံ့များနှင့် အပူများကိုကင်းစင် စေနိုင်ပါကြောင်းလည်း သိရှိရသည်။ မြင်းခြံခရိုင်အနေဖြင့် မြင်းခြံမြို့နယ်အတွင်းရှိ နတ်ထားကျေး ရွာနှင့်အချို့ကျေးရွာများတွင်လည်းကောင်း၊ နွားထိုးကြီးမြို့နယ်တွင်လည်းကောင်း စိုက်ပျိုးထွက်ရှိကြောင်းနှင့် အခြားဒေသများဖြစ်သော ပခုက္ကူ၊ ရွှေဘိုနှင့်အရာတော်ဒေသများမှ မှာယူရောင်းချလျက်ရှိပြီး ၎င်းဒေသထွက်သနပ်ခါးများမှာ အရည်အသွေးကောင်းမွန်မွှေးကြိုင်၍ နာမည်ကြီးကာ လူကြိုက်များကြောင်းသိရပါသည်။ အဆိုပါဒေသထွက်သနပ်ခါးတုံးများကို အရွယ်အစားအကြီး အသေးပေါ်မူတည်၍ တစ်တုံးလျှင်(၁၀၀၀၊ ၁၅၀၀၊ ၃၀၀၀၊ ၅၀၀၀၊ ၇၀၀၀၊ ၁၀၀၀၀)ကျပ်တန်များ ပိုင်းဖြတ်၍ ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက်သနပ်ခါးဈေးနှုန်းများမှာ အခြားဒေထွက်သနပ်ခါးများထက် အရွယ်အစားအလိုက် တစ်တုံးလျှင်(၅၀၀)ကျပ်ခန့် ကွာဟမှုရှိကြောင်းသိရသည်။
DOCA(မန္တလေး)