Main menu

တစ်နှစ်ထက်တနှစ် ဝယ်လိုအားများလာသော စစ်ကိုင်းတိုင်းဒေသကြီး ထောပတ်ပဲဈေးကွက်

Powered by Drupal

           အဟာရဓာတ်ကြွယ်ဝသဖြင့် ပြည်တွင်းသာမကပြည်ပဈေးကွက်ပါ တွင်တွင်ကျယ်ကျယ်ရရှိလာသော ထောပတ်ပဲကို တစ်ပြည်လုံးစိုက်ဧက (၁၅၀၀၀၀)ခန့်စိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုး၊ ဆောင်း စုစုပေါင်း ဧက (၄၀၀၀၀)ခန့် စိုက်ပျိုးထုတ်လုပ်မှုရှိသည့်အနက် ဆောင်းသီးနှံအဖြစ် ဧက (၃၀၀၀၀) ခန့် မိုးသီးနှံအဖြစ် ဧက (၁၀၀၀၀)ခန့် စိုက်ပျိုးသည်။ ရွှေဘိုနယ်ဘက်တွင် စိုက်ဧကအများဆုံးဖြစ်ပြီး ထွက်ရှိပဲများမှာဈေးကြိုက်လျှင် မုံရွာဘက်လာပြီးအများအားဖြင့်  စစ်ကိုင်းခရိုင်ဘက်ကစိုက်ပျိုး ထွက်ရှိသော ပဲများနှင့် မန္တလေးဘက်သို့ စီးဆင်းသည်။

              ကလေးခရိုင်၊ ယင်းမာပင်ခရိုင်နယ်လမ်းကြောင်းနှင့် ဂန့်ဂေါယောနယ်ဘက်က ထောပတ်ပဲများ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက်သည်။ မုံရွာမြို့တွင်‌ ထောပတ်ပဲပွဲရုံ(၅)ခုမှ ရန်ကုန်သို့ တင်ပို့‌ရောင်းချပါသည်။ တစ်ဧကကုန်ကျစရိတ် (၂)သိန်းခန့် ကုန်ကျပြီး (၁၀)တင်းဝန်းကျင်ထွက်ရှိရာ ဆောင်းထောပတ်ပဲပေါ်ချိန် ဖေဖော်ဝါရီလ ၁ တင်းဈေးနှုန်း (၄၀၀၀၀)ကျပ်ရသဖြင့် စိုက်ပျိုးတောင်သူသည် ၁ဧကလျှင် (၂)သိန်းကျပ် အမြတ်ရရှိကြောင်း သိရသည်။ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ထောပတ်ပဲဝင်ရောက်ရာသီအစတွင် မန္တလေးဈေးကွက်၌ ၃တင်းဝင်(၁)အိတ်လျှင် (၁၆၀၀၀၀)ကျပ်ဖြင့် ဈေးနှုန်းအမြင့်ဈေးရရှိခဲ့ကြောင်း သိရပါသည်။ မုံရွာကုန်စည်ဒိုင် ဈေးကွက်တွင် ယခုဇွန်လတတိယပတ်၌ (၁၉)ပိဿာဝင် (၁)တင်းလျှင် (၄၃၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ပစ္စည်းလက်ကျန်နည်းသွားပြီဖြစ်ကြောင်း နောက်လတွင် ထောပတ်ပဲ မိုးသီးနှံအဖြစ် စိုက်ပျိုးတော့မည် ဖြစ်ကြောင်း သိရသည်။

               ထောပတ်ပဲကို အသီးတောင့်များခြောက်သွေ့ပြီး အညိုရောင်ပြောင်းသွားမှ ခူးဆွတ်ကာ အစေ့ကို အစိုဓာတ်ရာခိုင်နှုန်း (၁၄)အောက်ရောက်မှ ထုတ်ပိုးသိမ်းဆည်းကြရပါသည်။ ယခင်နှစ်များက ဆေးအုပ်သဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းကျန်ပါက ပြည်ပဈေးကွက် တင်ပို့ရန်အခက်အခဲဖြစ်ခဲ့ရာ ယခုနှစ် များတွင် အချိန်ကြာစွာသိုလှောင်ထားခြင်း ဆေးအုပ်ခြင်းမပြုဘဲ ဈေးကွက်သို့ ‌ရောင်းချလျက်ရှိသည်။ ပြည်ပဈေးကွက်အတွက် ရန်ကုန်ဈေးနှုန်းမှာ (၂၂.၆.၂၀၂၂) ရက်နေ့တွင် ထောပတ်ပဲ မက်ထရစ် တစ်တန်လျှင် အနိမ့်ဈေး (၁၅.၄၃) ကျပ်သိန်းနှင့် အမြင့်ဈေး(၁၆.၅၃)သိန်း ဖြစ်ကြောင်း တွေ့ရသည်။ ထောပတ်ပဲကို ပြုတ်စားခြင်း၊ ပဲကြမ်းကြော်၊ ပဲရေပွ၊ ပဲမှုန့် အဖြစ်စားသုံးကြကာ ပြည်တွင်းပြည်ပဝယ်လိုအားသည် တစ်နှစ်ထက်တစ်နှစ်များလာသဖြင့် ဈေးကွက်မပျောက်ပျက်အောင် စိုက်ပျိုးထုတ်လုပ်မှုနှင့် အရည်အသွေးထိန်းသိမ်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)