Main menu

“သပေါ့ဖျာလုပ်ငန်းအားကွင်းဆင်းလေ့လာ”

Powered by Drupal

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အသေးစားအလတ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်စေရေးအတွက် ကျောက်ဆည်မြို့နယ်၊ အင်ရောင်းကျေးရွာအုပ်စု၊ ဆင်ဦးကျေးရွာရှိ သပေါ့ဖျာလုပ်ငန်းအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ ၄င်းလုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်ဖြင့် အိမ်တိုင်းလိုလိုယက်လုပ်၍ မိသားစုအပိုဝင်ငွေရရှိအောင် ယက်လုပ်ရောင်းချလျက်ရှိပါသည်။ သပေါ့ဖျာ (သို့) ဆက်သွားဖူးဖျာများအား ယက်လုပ်ရာတွင် ပထမဦးစွာ ဆက်သွားပင်မှ ဆက်သွားများကို ခုတ်ယူ၍ ဘေးဆူးများသင်ကာ နေလှန်းရပါကြောင်း၊ ခြောက်လာသော ဆက်သွားပင်များကိုထုံးပြီး အရွယ်တူဆိုက်တူသော ဆက်သွားပင်များကိုရွေးချယ်ပြီး ဖျာတစ်ချပ်စာ (၁) ထုံးအား ရေစိမ်၍ အခွေလေးများခွေရပါကြောင်း၊ ခွေပြီးသားအခွေများကို ဖျာယက်လုပ်ရန်အတွက် သင့်တော်သောဆိုဒ်များရရှိအောင် ခွဲခြမ်းစိပ်ဖြာပေးရပါသည်။ အရောင်လှရန်အတွက် ဆိုးဆေးများအသုံးပြု၍ မိမိလိုချင်သော အရောင်များထည့်ကာ ဆက်သွားပင်များကို ရေနွေးပွတ်ပွတ်ဆူထဲတွင် ထည့်၍ပြုတ်ရပါကြောင်း၊ သို့မှသာ မိမိလိုချင်သော အရောင်အသွေးစုံလင်၍ ဒီဇိုင်းလှသော သပေါ့ဖျာမျာ းရရှိမည်ဖြစ်ပါသည်။ သပေါ့ဖျာတစ်ချပ်လျှင် ဆက်သွားပင် (၁၀၄) ပင်ဖြင့် ယက်လုပ်ရပြီး တစ်ယောက်အိပ်ဖျာတစ်ချပ်လျှင် အလျား ၅ပေ ၊ အနံ ၃ ပေရှိပြီး နှစ်ယောက်အိပ်ဖျာတစ်ချပ်လျှင် အလျား ၆ ပေ၊ အနံ ၄ ပေဖြင့် ဆက်သွားပင်ပေါ်မူတည်၍ ဖျာအတို၊ အရှည်ခွဲ၍ ယက်လုပ်ကြကြောင်း၊ အပင်ပေါ်မူတည်၍ ဖျာအမျိုးမျိုး ယက်လုပ်ရောင်းချကြပြီး အော်ဒါများမှာယူပါကလည်း ယက်လုပ်ပေးလျက်ရှိပါကြောင်း၊ ဖျာစျေးနှုန်းများအနေဖြင့် နှစ်ယောက်အိပ်ဖျာတစ်ချပ် လျှင် (၅၅၀၀/-) ကျပ်၊တစ်ယောက်အိပ်ဖျာတစ်ချပ်လျှင် (၃၅၀၀/-) ကျပ်နှုန်းဖြင့် ရောင်းချပေးကြောင်း၊ ဆက်သွားဖူးဖျာ (သို့) သပေါ့ဖျာများကို နှစ်ယောက်ယက်လုပ်လျှင် တစ်ရက် (၅) ချပ်နှုန်း ယက်လုပ်နိုင်ပြီး မိသားစုတစ်နိုင်တစ်ပိုင် ဆယ့်နှစ်ရာသီယက်လုပ်ရသော လုပ်ငန်းဖြစ်သည့်အတွက် အခြေခံလူတန်းစားများအတွက် အပိုဝင်ငွေရရှိသော  လုပ်ငန်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)