
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရာသီပေါ်ရွှေဖရုံသီးများ စတင်ပေါ်နေပြီဖြစ်ပါသည်။ တောင်ငူမြို့တွင် စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းများ တည်ရှိသဖြင့် မြစ်၊ ချောင်း ကမ်းနဘေးရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။
ယင်းကျေးရွာများမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများသည် ၎င်းတို့ အခင်းများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအား အများအားဖြင့် တောင်ငူမြို့ ညောင်ပင်ဈေးသို့ လာရောက်၍ ရောင်းချခြင်း၊ ဖောက်သည်သွင်းခြင်းများအား ပြုလုပ်ကြပါသည်။
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဒေသအတွင်းမှ ထွက်ရှိသောရာသီပေါ် ရွှေဖရုံသီးများ ဈေးကောင်းရလျှက်ရှိပါသည်။ ရွှေဖရုံသီးအား ဝက်သားနှင့်တွဲဖက်၍ ချက်စားရသလို၊ ရွှေဖရုံသီး အား တစ်မျိုးတည်းချက်ပြုတ်၍ စားနိုင်ပါသည်။ ရွှေဖရုံသီးချက်နှင့် မန်ကျည်းသီးစိမ်းကြော် မှာယခုလို မိုးရာသီတွင်တွဲဖက် ညီသောဟင်းလျာတစ်မျိုးဖြစ်ပါသည်။
ရွှေဖရုံသီးဈေးနှုန်းအနေဖြင့် အလုံးလိုက်ရောင်းချသလို၊ ပိဿာချိန်ဖြင့်လည်းရောင်းချ ကြပါသည်။ ရွှေဖရုံသီးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့်ရောင်းချပေးသလို၊ အလုံးလိုက်ဝယ်ယူ လိုပါက ၄ လက်မပတ်လည်ခန့် ရွှေဖယုံသီးတစ်လုံးလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိ ပါသည်။
DOCA(ပဲခူး)