Main menu

ငှက်ပျောစိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလ်လှ၊ ရွာသစ်ကုန်း၊ သင်္ဘောကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကြီးကျေးရွာများတွင် ငှက်ပျောပင်များအား စီးပွားဖြစ်အများအပြား စိုက်ပျိုးကြပါသည်။ ငှက်ပျောပင်အားစိုက်ပျိုးရာတွင် တချို့တောင်သူများသည် တစ်ဧကလျှင် အပင် (၁၃၀၀)စိုက်ပျိုးကြပြီး တချို့ကျေးလက်နေသူများမှာ မိမိတို့ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏  ဘေးပတ်လည်၊ နောက်ဖေးစသည့်နေရာများတွင် တစ်ပိုင်တစ်နိုင်အဖြစ် ငှက်ပျောပင်(၂၀-၅၀) ခန့် စိုက်ပျိုးကြကြောင်း သိရသည်။ ငှက်ပျောပင်(၁)ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ကျပ်(၂၅)သိန်း ခန့်ကုန်ကျကြောင်း သိရှိရသည်။

      ငှက်ပျောကို စီးပွားဖြစ်စိုက်ပျိုးသည့် ဥယျာဉ်ခြံများတွင် (၁)ဧကစိုက်ပျိုးလျှင် ငှက်ပျောပင် တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ (၅)ပေခြား စိုက်ပျိုးရပါသည်။ စိုက်ပျိုးသည့် ငှက်ပျောအမျိုး အစားများမှာ ရခိုင်ငှက်ပျော၊ သီးမွှေးငှက်ပျောနှင့် ဖီးကြမ်းငှက်ပျောတို့ဖြစ်ကြပြီး အဓိကဖီးကြမ်း ငှက်ပျောကို စိုက်ပျိုးကြပါသည်။ ငှက်ပျောပင်များ စတင်စိုက်ပျိုးသည်မှ မြေဩဇာများကို (၃)အိတ်မှ (၅)အိတ်အထိ ကျဲပက်ရပြီး ငှက်ပျောခိုင်များ စတင်ထွက်လာသည့်အချိန်တွင် (၁၅:၁၅)ပတ်လည် ရှိသော ဓာတ်မြေဩဇာများကို အသီး၊ အခိုင်များ ကြီးထွားရင့်မှည့်စေရန် ကျွေးရကြောင်း၊ အခိုင် ငှက်ပျောပင်၏သက်တမ်းမှာ စတင်စိုက်ပျိုးသည်မှ  (၈)လအကြာတွင် အသီးများ စတင်ခုတ်ယူရ ကြောင်း သိရှိရသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် မြစ်ခြေ၊ ကမ္မနယ်များသို့ တင်ပို့ရကြောင်း၊  ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ကျပ်(၁၅၀၀)၊ ငှက်ပျောသီးဖီးကြမ်းအမျိုးအစားကိုလိုက်၍ ငှက်ပျော အကြီးတစ်ဖီးလျှင် ကျပ်(၂၅၀၀)၊ အသေးတစ်ဖီးလျှင် ကျပ်(၂၀၀၀)ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း လက်ကားရောင်းချလျက်ရှိပြီး လက်လီအနေဖြင့် ရခိုင်ငှက်ပျောတစ်ဖီးလျှင် ကျပ်(၂၅၀၀)၊ ငှက်ပျောသီးဖီးကြမ်း အမျိုးအစားကိုလိုက်၍ ငှက်ပျောအကြီးတစ်ဖီးလျှင် ကျပ်(၄၀၀၀)၊ အသေးတစ်ဖီးလျှင် ကျပ်(၃၅၀၀-၃၀၀၀)ဈေးနှုန်းဖြင့် ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် မြစ်ခြေ၊ ကမ္မမြို့နယ်များသို့ ရောင်းချလျက်ရှိပါသည်။ ရခိုင်ငှက်ပျောပင်များမှာ အသီးအမှည့်စားသုံးရုံတင်မကဘဲ မုန့်ဟင်းခါးချက်ပြုတ်ရာတွင် ငှက်ပျောအူများထည့်၍ အသုံးပြုကြကြောင်း၊ ငှက်ပျောတစ်ခင်း (၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၇၀ မှ ၈၀)ထိရရှိကြောင်း သိရှိရသည်။

DOCA(မကွေး)