Main menu

ပခုက္ကူမြို့နယ်၌ ပဲတီစိမ်း(သစ်)များအရောင်းအဝယ်ဖြစ်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးပြီး တစ်နှစ်လျှင် မိုးနှင့်ဆောင်းနှစ်ရာသီစိုက်ပျိုးကြပြီး ယခုနှစ်တွင် (နွေ)ပဲတီစိမ်းစိုက်ဧက(၂၀၀၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ (နွေ)ပဲတီစိမ်းကို ဖေဖော်ဝါရီလကုန် မတ်လဆန်းတွင် စတင်စိုက်ပျိုးပြီး ဇွန်လဆန်းတွင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ပဲတီစိမ်းမြကြေးမှုံနှင့် ကျောက်စိမ်းမျိုးကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ပဲတီစိမ်း(ကျောက်စိမ်း)လုံးကြီးမျိုးကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မြေပြုပြင်ကာ ထွန်ကြောင်းဆွဲ၍ ပင်ကြား(၅)လက်မ၊ တန်းကြား(၁)ပေအကွာတွင် စိုက်ပျိုးကြောင်း၊ မိုးရေအပြင် လိုအပ်ပါကရေသွင်းစိုက်ပျိုးကြောင်း၊ တစ်ဧကမျိုးစေ့(၄)ပြည်ခန့် စိုက်ပျိုးရပြီး စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် တစ်ဧကလျှင် ကျပ်(၆-၇)သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကအထွက် တင်း (၁၂-၁၇)တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေရာသီဥတု၊ သွင်းအားစုသုံးစွဲမှုပေါ်မူတည်၍ အထွက် နှုန်းမှာကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ဇွန်လဆန်းတွင် ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၁၃၅၀၀၀-၁၃၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇွန်လ(စတုတ္ထပတ်)တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၁၂၀၀၀၀-၁၁၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (၁)ဧကလျှင် တောင်သူအကျိုးအမြတ်အနေဖြင့် ကျပ်(၁၀၀၀၀၀၀)ခန့်ရရှိကြောင်း သိရှိရသည်။

    ဈေးကွက်အနေဖြင့် ပခုက္ကူမြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ရောင်းချကြောင်း၊ အထွက်နှုန်းမှာ ယခုနှစ်တွင် သီးနှံစိုက်ပျိုးချိန် ဖျက်ပိုးကျရောက်မှုကင်း၍ ယခင်နှစ်ထက်ပိုမိုကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် ထိုက်သင့်သော အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA(မကွေး)