Main menu

မန္တလေး-ဘင်္ဂလားဒေ့ရှ်တို့အကြား စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရေးဆွေးနွေး

Powered by Drupal

        ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ Ruby Room တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Mr. H.E Manjurul Karim Khan Chowdhury၊ စီးပွားရေး ကောင်စစ်ဝန် Mr. Shahedul Akber Khanတို့နှင့်တွေ့ဆုံကျင်းပသည့် မန္တလေး-ဘင်္ဂလားဒေ့ရှ် တို့အကြားစီးပွားရေးလုပ်ငန်းများမြှင့်တင်နိုင်ရေးဆွေးနွေးပွဲသို့မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အသင်းသူ/သားများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။

        အဆိုပါဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ကြာမြင့်သောဆက်ဆံရေးရှိခဲ့ပြီးအာဆီယံ ဆွေးနွေးပွဲများတွင် အတူတက်ရောက် ဆွေးနွေးမှုများလည်းရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် UK၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊  အိန္ဒိယ၊ အရှေ့ တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ တင်ပို့မှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့်လည်း စီးပွားရေးအရ ကုန်သွယ်မှုများ ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နှင့်မြန်မာနိုင်ငံတို့သည် ပထဝီအနေအထားအရတူညီမှုရှိပြီး စိုက်ပျိုးရေးလုပ်ဆောင်သည့် နိုင်ငံများ ဖြစ်သောကြောင့် MRCCI အသင်းနေဖြင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား ဘင်္ဂလားဒေ့လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဦးဆောင်ပေးစေလိုကြောင်း၊ (၂)နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးအခွင့်အလမ်းများအားပိုမို သိရှိနားလည်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖိတ်ခေါ် ဆွေးနွေးမှုများ၊  လုပ်ငန်းခွင်များသို့ လာရောက်လေ့လာမှုများ၊ Trade Fair များ၊ Business Matchingများ ကျင်းပပြုလုပ်လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပေးမည်ဖြစ်သလို မြန်မာလုပ်ငန်းရှင်များနှင့်  MRCCIဘက်မှလည်း မိမိတို့ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်နှင့် ကြက်သွန်နီများအား ဝယ်ယူလိုကြောင်းနှင့် Transportation  ပြုလုပ်ရာနှင့် Custom Duty ပြုလုပ်ရာတွင်ခက်ခဲမှုများအား အဆင်ပြေချောမွေ့စေမည့် လမ်းသစ်ပေါ်ပေါက်လာရန် မျှော်လင့်ကြောင်း၊ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား Government to Government၊ Business to Business စသည့် သဘောတူစာချုပ်များ ချုပ်ဆိုလိုကြောင်း၊ Private Sector  အချင်းချင်း ကြက်သွန်နှင့်ဆန်အပြင် အခြားသောကုန်စည်များကိုလည်း  ဝယ်ယူလိုကြောင်း ဆွေးနွေးခဲ့ပါသည်။

       MRCCI ဥက္ကဌ ဦးဝင်းဌေးမှဆွေးနွေးရာတွင် MRCCI အသင်းအား ဖွဲ့စည်းတည်ထောင်ခဲ့ သည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိပြီး အသင်းသား၃၀၀၀ကျော်ခန့်ရှိကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ၏ အဓိကထွက်ကုန်များမှာ စိုက်ပျိုးရေးအခြေခံထွက်ကုန်များ ဖြစ်ကြောင်း၊ MRCCI အသင်းအနေဖြင့် အခြားနိုင်ငံတကာ စီးပွားရေးအသင်းအဖွဲ့များဖြင့် MoUထိုးကာ ကုန်သွယ်မှုများပြုလုပ်နေသောကြောင့် ဘင်္ဂလားဒေ့ရှ်ကုန်သည်အသင်းများဖြင့်လည်း MoU ထိုးကာ ကုန်သွယ်မှုပြုလုပ်လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်နှင့်ဆန်အပြင် ပဲမျိုးစုံနှင့်နှမ်း တို့ကိုပါ နယ်စပ်ကုန်သွယ်ရေးနှင့် Over Seaတို့မှ တိုက်ရိုက်တင်ပို့နိုင်လျှင် နှစ်နိုင်ငံပိုမို အကျိုးအမြတ်ရရှိလာမည် ဖြစ်ကြောင်း၊ ကုန်ချောများထုတ်လုပ်ပြီး တင်ပို့နိုင်ရေးအတွက်လည်း မန္တလေးတိုင်းဒေသကြီးအတွင်း၌ စက်မှုဇုန်များရှိသောကြောင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ဆွေးနွေးခဲ့ ပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမြင့်ဇော်ဦးမှ ဆက်လက်ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုပမာဏတိုးမြှင့်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်၊တရုတ်၊ အိန္ဒိယ၊ လာအို၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့နဲ့ ကုန်သွယ်မှုသဘောတူစာချုပ်များ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မရှင်အစည်းအဝေးများကို (၂၀၀၃)ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊    မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုအနေဖြင့်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ (၃၃) သန်းကျော်၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းအမေရိကန်ဒေါ်လာ(၄၃) သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ (၁၉၂)သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အမေရိကန် ဒေါ်လာ(၉၁)သန်း၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ (၁၂၁)သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ (၁၆၂)သန်း၊၂၀၂၁-၂၀၂၂ (Mini Budget ၆ လတာ) ကာလအတွင်း အမေရိကန်ဒေါ်လာ (၇၁) သန်းရှိခဲ့ပြီး  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ ၁ ရက်နေ့မှ ဇွန်လ) အထိ အမေရိကန်ဒေါ်လာ (၂၁) သန်းကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း၊ လစဉ်ကုန်တင်ယာဉ် ၄၀၀-၅၀၀ စီးခန့်ဖြင့် ကုန်စည်များ ပို့ဆောင်လျက် ရှိပြီးမြန်မာနိုင်ငံမှ ငါးခြောက်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်နီ၊ ကျွန်းသစ်၊ အထပ်သား၊ ဇီးချဉ်၊ အုန်းသီးတို့ကို အဓိကတင်ပို့ကာ အာလူး၊ ဘိလပ်မြေ၊ ပလတ်စတစ်ပစ္စည်း၊ အဝတ်အထည်၊ အချိုရည်၊ ဘီစကွတ်စတဲ့ စားသောက်ကုန်များ တင်သွင်းလျက်ရှိကြောင်း၊ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံနှင့် ပြည်ပတင်ပို့ရန် အလားအလာရှိသည့် သီးနှံများဖြစ်သော သရက်၊ ဖရဲ၊ သခွား၊ ထောပတ်၊ ကော်ဖီ၊ ပိုးစာနှင့်လျှော်ဖြူများ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းစားသုံးမှု ပိုလျှံသည်များကို ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေရရှိအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးမှ အဓိက ထွက်ရှိသော ကျောက်ဆည် (မြစ်သား) ကြက်သွန်နီနှင့် မြင်းခြံ ကြက်သွန်နီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရာတွင်လည်း ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေရန်အတွက် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ၊ စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို နားလည် သဘောတူညီကြရန် လိုအပ်သလို တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား စီးပွားရေးမူဝါဒများ၊ ရင်းနှီးမြုပ်နှံမှုဥပဒေများ၊ ကုန်သွယ်မှုဆိုင်ရာမူဝါဒနှင့် အခွန်ကိစ္စရပ်များကိုပါ သိရှိနားလည်ရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် နှစ်ဖက်ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ တိုးတက်စေရေးအတွက် အားပေးကူညီထောက်ပံ့များကို ဆောင်ရွက်ကြရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ကူးသန်းရောင်းဝယ်မှုများတိုးမြှင့်စေရေး နှစ်နိုင်ငံသဘောတူ စာချုပ်များချုပ်ဆိုရန်၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းအဖွဲ့များ အပြန်အလှန်သွားရောက်လေ့လာ ရန်၊ကုန်စည်ပြပွဲများတွင်အပြန်အလှန်ပါဝင်ပြသရန်၊ဆိပ်ကမ်းများတွင် ကုန်တင်ကုန်ချလုပ်ငန်းအဆင်ပြေလွယ်ကူ ချောမွေ့စေရန်စသည့် ကိစ္စများရပ်များကိုလည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

        စီးပွားရေးကောင်စစ်ဝန် Mr. Shahedul Akber Khan မှလည်း နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရာတွင်သင်္ဘောလိုင်းများ၊ဘဏ်များနှင့်ဆောက်လုပ်ရေး လုပ်ငန်းများကိုပါ ထည့်သွင်းပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူ စာချုပ်များချုပ်ဆို၍ ကုန်သွယ်မှု တိုးတက်အောင် ဆောင်ရွက်လိုပါ ကြောင်း၊ နှစ်နိုင်ငံအကြား Trade fair များ၊ Business Matching များ ဖိတ်ခေါ် ကျင်းပ ပြုလုပ်လိုကြောင်း ထပ်လောင်းဆွေးနွေးခဲ့ပါသည်။

          မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ရှီလာကျောက်မျက်ရတနာရောင်းဝယ် ရေးလုပ်ငန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကျောက်မျက် ရတနာအရောင်းဆိုင် ဖွင့်လှစ်ရောင်းချ လိုပါကြောင်း၊  ဖိုးဝ၊ ကျော်ကြားနှင့် ဆန်းမီ စသည့်ယိုစုံလုပ်ငန်းရှင်များမှလည်း  ၎င်းတို့၏ ထုတ်ကုန်များအား မိတ်ဆက်ပြသပြီး Export တင်ပို့ရန်ကြိုးစာနေကြောင်းတင်ပြရာ သံအမတ်နှင့် ကောင်စစ်ဝန်တို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လိုပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလိုလာရောက်ဆွေးနွေးပြီး ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိသည်ကို ကြားသိရသည့်အတွက် များစွာဝမ်းမြောက်ပြီး လိုအပ်သည်များကို ဝမ်းမြောက်စွာကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲအား နေ့လယ် ၁၂:၃၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

          ယခုကဲ့သို့ မြန်မာ့ထွက်ကုန်များအား ဝယ်ယူရန်ကမ်းလှမ်းမှုများ ရှိလာသည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို Export တင်ပိုနိုင်ရေးအရည် အသွေးပြည့်မီအောင် စီမံဆောင်ရွက်ထားနိုင်စေရေး ပြည်ပပို့ကုန်တင်ပို့ရောင်းချမှု မြှင့်တင်နိုင်ပြီး နိုင်ငံခြားဝင်ငွေတိုးပွားစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်စေရေးနှင့် နိုင်ငံတကာနှင့်ကုန်သွယ်မှု Network ချိတ်ဆက်နိုင်ရေးအတွက် သတင်းစကားမျှဝေပေးလိုက်ရပါသည်။

DOCA(မန္တလေး)