
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်ပဲမျိုးစုံဈေးကွက်တွင် လက်လီ၊လက်ကား အရောင်းအဝယ်ဖြစ်နေခဲ့သော ပဲသီးနှံများထဲတွင် မတ်ပဲ၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ ပဲနီပြား ၊စားတော်ပဲ စသည့် သီးနှံများဖြစ်ပြီး ယခင်နှစ်ကဆိုလျှင် မတ်ပဲ၊ ပဲစင်းနှင့် ထောပတ်ပဲမှာ တစ်တင်းလျှင် ကျပ် ၁ သိန်း အထက် ဈေးဖြင့် ရောင်းဝယ်နေခဲ့ပြီး ယခုနှစ်တွင် ထိုပဲများမှာ ကျပ်(၁)သိန်းအောက်ကို ကျဆင်းလာခဲ့ပါသည်။ ထိုပဲများမှာ ဒေသတွင်းသာရောင်းဝယ်လျှက်ရှိပြီး ရန်ကုန်ဝယ်လက်နှင့် လက်လီ/လက်ကား သမား အချို့သာဝယ်ယူမှုရှိ၍ ဈေးမှာ ယခင်နှစ်ကလောက် ဈေးမြင့်လာခြင်း မရှိတာတွေ့ရပါသည်။ ပဲနီပြားနှင့် စားတော်ပဲဈေးနှုန်းသာ ကျပ်(၁)သိန်း အထက်ရပ်တည် နေတာတွေ့ရပါသည်။ ပြည်ဈေးကွက်တွင် ရောင်းဝယ်နေခဲ့သော ပဲများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စမှစ၍ ယခုချိန်အထိ လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို အောက်ပါအတိုင်းလေ့လာတွေ့ ရှိရပါသည်။
မတ်ပဲသီးနှံသည် လက်ကားရောင်းဝယ်မှုအဖြစ်များသည့်ပဲဖြစ်သလို ဧပြီလမှစ၍ ဈေးနှုန်း အခြေအနေများအရ ပိဿာ(၂၀)တစ်တင်း ကျပ် ၉၇၀၀၀ဖြင့်လည်းကောင်း၊ မေလတွင် တစ်တင်း ၉၈၀၀၀ ကျပ်ဖြင့် လည်းကောင်း၊ ဇွန်လတွင်ပဲတစ်တင်း ၉၇၀၀၀ကျပ်ဖြင့်လည်းကောင်း၊ ဇူလိုင်လ ဆန်းပိုင်းတွင် တစ်တင်း ၉၇၀၀၀ကျပ်ဖြင့် ဈေးမှာ သိသိသာသာမြင့်တက်မှုမရှိဘဲ ဈေးငြိမ်ပြီး ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ရန်ကုန်ဝယ်လက်အဝယ်ရှိသဖြင့် ပဲလက်ကျန်များ လိုသလောက် ရောင်းချမှုရှိကြောင်း သိရပါသည်။
ပဲစင်းငုံသီးနှံ၏ လအလိုက်နှိုင်းယှဉ်မှုဈေးနှုန်းများအရ ဧပြီလတွင် တစ်တင်း ၉၅၀၀၀ကျပ်၊ မေလတွင်ဈေး ကျလာပြီး တစ်တင်းလျှင် ၉၂၅၀၀ကျပ်၊ ဇွန်လနှင့် ဇူလိုင်လဆန်းပိုင်းတွင် ဈေးဆက်လက်ကျဆင်းလာပြီး ပိဿာ(၂၀)တစ်တင်းလျှင် ၈၇၀၀၀ကျပ်ဖြင့် ရောင်းဝယ် လျှက်ရှိပါ သည်။ ပဲစင်းငုံသီးနှံသည် ယခုနှစ်အတွင်း ပြည်ပဝယ်လိုအားနည်းသွားသည့်အတွက် ဈေးမှာ ယခင်နှစ်ကထက် ဈေးနှုန်းများသိသာစွာ ကျဆင်းလာခဲ့ပါသည်။ ပဲစင်းငုံသီးနှံမှာ ရန်ကုန်ဝယ်လက် သမားများ အဓိကထား ဝယ်ယူသော်လည်း ပဲလက်ကျန်များအားဝယ်လိုအားရှိသည့်ရက်၌ တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ကျော် ရောင်းဝယ်မှုဖြစ်ခဲ့ကြောင်း သိရပါသည်။
ပြည်တွင်းလက်လီဝယ်လက်သမားများနှင့် ပြည်တွင်းစားသုံးမှုများသော ပဲများဖြစ်သည့် ထောပတ်ပဲ သီးနှံသည် ယခုကာလ ပဲဟောင်းလက်ကျန်များသာရှိခဲ့သည့်အတွက် လက်လီသမား များဖြင့်သာ နေစဉ်ရောင်းဝယ်နေကြရပြီး လအလိုက်ပဲဈေးနှုန်းနှိုင်းယှဉ်မှုအခြေအနေအရ ဧပြီလ၊ မေလ နှင့် ဇွန်လတို့ တွင် ပိဿာ(၂၀)တစ်တင်းလျှင် ၉၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး ဇူလိုင်လ ဆန်းပိုင်းတွင် တစ်တင်းကို ၉၅၀၀၀၀ကျပ်ဖြင့် ဈေးများပြန်လည်မြင့်တက်လာခဲ့ပါသည်။ ထောပတ်ပဲသီးနှံမှာ ယခင်နှစ်လောက် ဈေးမရသော်လည်း ဒေသအတွင်းစားသုံးမှုများသဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး တစ်ရက်လျှင် လက်လီ/လက်ကားဝယ်ယူမှုအနေဖြင့် အိတ် ၄၀/၅၀ခန့် အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။
ပဲနီပြားသီးနှံသည်လည်း ထောပတ်ပဲသီးနှံကဲ့သို့ပင် လက်လီသာ ယခုကာလ ရောင်းဝယ်မှု ဖြစ်နေခဲ့ပြီး လအလိုက်ပဲဈေးနှုန်းဖြစ်ပေါ်ခဲ့မှု ဈေးနှုန်းနှိုင်းယှဉ်မှုအရ ဧပြီလတွင် ပဲတစ်တင်းလျှင် ၁၄၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပြီး မေလနှင့် ဇွန်လတွင် တစ်တင်းလျှင် ၁၄၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ် ပြန်ကျလာပြီး၊ ဇူလလိုင်ဆန်းပိုင်းတွင် တစ်တင်းကို ၁၅၀၀၀၀ကျပ်အထိ ဈေးမြင့်တက်လာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုပမာဏအနေဖြင့် လက်ကျန်ပဲများဖြင့်သာ လက်လီဝယ်ယူမှုအပေါ် နေ့စဉ်အိတ်အနည်း ငယ်စီ ရောင်းချမှုရှိကြောင်း သိရပါသည်။ ထောပတ်ပဲ နှင့် ပဲနီပြားသီးနှံများအနေဖြင့် ပဲပေါ်ချိန် အထွက်လှိုင် ချိန်များတွင်သာ ဈေးကွက်သို့ ဝင်ရောက် မှုများသလို အရောင်းအဝယ်ဖြစ်မှုမှာလည်း လက်ကားသမားများပါ အဝယ်ရှိနေသည့် အတွက် ရောင်းအားသွက်ခဲ့ပေမယ့် ကျန်ကာလများတွင် လှောင်ပဲလက်ကျန်များဖြင့်သာ ရောင်းချနေ ကြရသော သီးနှံများဖြစ်ကြပါသည်။
နေ့စဉ်စားသုံးမှုများသော စားတော်ပဲသီးနှံကတော့ မင်းတုန်းစားတော်ပဲနှင့် ကျွန်းစားတော်ပဲ ဆိုပြီး အမျိုးအစားကွာခြားမှုရှိကာ ကျွန်းစားတော်ပဲက မင်းတုန်း စားတော်ပဲထက်ဈေးပိုရသည်ဟု သိရပါသည်။ စားတော်ပဲသီးနှံသည် လက်လီရောင်းဝယ်မှု အဖြစ်များသော ပဲသီးနှံတစ်မျိုးဖြစ်ခဲ့ကာ ဈေးကွက်၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျှက်ရှိခဲ့ပါသည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်း နှိုင်းယှဉ်မှု အခြေအနေအရ ဧပြီတွင် စားတော်ပဲတစ်တင်းလျှင် ၁၄၀၀၀၀ကျပ်၊ မေလတွင် တစ်တင်း ကို ၁၅၅၀၀၀ကျပ်နှင့် ဇွန်လတွင် ပိဿာ(၂၀)တစ်တင်း လျှင် ၁၆၀၀၀၀ကျပ်ဖြင့် ဈေးဆက်လက် မြင့်တက်လာခဲ့ပြီး ယခု ဇူလိုင်လဆန်း ပိုင်းတွင် စားတော်ပဲတစ်တင်းကို ၁၆၅၀၀၀ကျပ်ဖြင့် တစ်လချင်းစီဈေးမှာ ဈေးများမြင့်တက် လာခဲ့တာတွေ့ရှိရပါသည်။ စားတော်ပဲမှာ စားသုံးသူများပြီး ထမင်းနှင့် ပဲပြုတ်၍စားကြသလို သားရေစာလုပ်၍လည်း လက်ဖက်ရည်ဆိုင်များတွင် ရောင်းချကြ သဖြင့် လက်လီ/လက်ကား အရောင်း အဝယ်ဖြစ်လျှက်ရှိသော ပဲသီးနှံတစ်မျိုးဖြစ်ပါသည်။
ထိုကြောင့် မတ်ပဲ၊ ပဲစင်းငုံ၊ ထောပတ်ပဲမှာ ယခင်နှစ်ကထက်စာလျှင် ဈေးနှုန်းများ ကကျဆင်းလာပြီး လအလိုက်နှိုင်းယှဉ်လျှင်လည်း သိသိသာသာမြင့်တက်မှုမရှိဘဲ ဈေးငြိမ်နေတာ တွေ့ရပါသည်။ ပဲနီပြား သီးနှံနှင့် စားတော်ပဲသီးနှံမှာ ယခင်နှစ်ထက်စာလျှင် ဈေးများမြင့်တက် လာသလို လအလိုက်နှိုင်းယှဉ် လျှင်လည်း စားတော်ပဲသီးနှံမှာ လချင်းဈေးများတက်ပြီး ပဲနီပြားသီးနှံမှာ ဝယ်လိုအားများသည့်လဆိုရက် ဈေးများမြင့်တက်ပြီး ဝယ်လိုအားမရှိသည့်လတွင် ဈေးနှုန်းများအနည်းငယ်ကျဆင်းလာကြောင်း လေ့လာ သိရှိရပါသည်။
DOCA(ပဲခူး)