Main menu

မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ဘုရားပြို၊ ဝက်သိုက်၊ နွားကူး၊ သန်းတောကုန်း၊ မကြီးကန်၊ ဆားတိုင်ကန်စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင် ပြီး မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြားစားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလဆန်းမှစတင်၍ စိုက်ပျိုးထားကြောင်း သိရှိရသည်။ ဆားတိုင်ကန်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်(၃)ဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်း ရကြောင်း၊ မျိုးအနေဖြင့် သိပ္ပံနှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၃)ပြည်ခန့်ကုန် ကျကြောင်း၊ မျိုးကို နှမ်းစိုက်တောင်သူအချင်းချင်းဆီမှဝယ်ယူပြီး (၁)ပြည်လျှင် ကျပ်(၁၉၀၀၀) ပေးရ ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြား သွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၅၀၀၀၀၀)ခန့် ကုန်ကျသော်လည်း ယခုနှစ်တွင်မှု သွင်းအား စုစရိတ်မြင့်တက်လာ၍ ကျပ်(၆၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင် နှစ်က (၁)ဧကလျှင် တင်းရေ(၆)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းနက်(၁)တင်းလျှင် ကျပ် (၂၃၀၀၀၀) ထိဈေးရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၈၈၀၀၀၀)ထိရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်က မိုးနှမ်းအနေဖြင့် နှမ်းနက်မှာ ရာသီဥတု သမမျှတ မှုနည်း၍ အထွက်နှုန်းလျော့နည်းခဲ့သော်လည်း ဈေးကောင်းရရှိသောကြောင့် စိုက်တောင်သူများ အနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိ၍ အဆင်ပြေပါကြောင်း၊ ယခုနှစ်တွင်မူ မိုးများ သော်လည်း ရေဝပ်မှုမရှိသည့်အတွက် နှမ်းပင်များအသေအပျောက်နည်း၍ စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး အထွက်နှုန်းအနေဖြင့် (၁၀)တင်းမှ (၁၂)တင်းကြားထွက်ရှိနိုင်မည်ဟု ခန့်မှန်းပါကြောင်း၊ ယခု၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် နှမ်းနက်(၁)တင်းလျှင် ကျပ်(၂၆၀၀၀၀-၂၈၀၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခုနှစ်နှမ်းပေါ်မည့်အချိန်တွင် ယခုလက်ရှိဈေးအတိုင်းရရှိပါက နှမ်းစိုက်တောင်သူများ အနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ DOCA (မကွေး)