
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှ ဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၉)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ (၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကိုပိုအစားများကြကြောင်း သိရှိရသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာလျှင် ကွမ်း ရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၄၀၀၀-၆၀၀၀-၈၀၀၀)၊ ကွမ်း သီးခြမ်း(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၂၄၉၀၀)၊ ကွမ်းစားထုံး (၁) လီတာ(၁)ဘူးလျှင် ကျပ်(၁၈၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၁၀၀၀)၊ ဗမာဆေး(၁) ထုပ်လျှင် ကျပ်(၇၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၇)ပိဿာထိပုံမှန်ရောင်းချရပါကြောင်း၊ ယခင် ဇွန်လ(ဒုတိယပတ်) နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၁၀၀၀-၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ပြီး ကွမ်းသီး ခြမ်း ကျပ်(၁၈၀၀)၊ ကွမ်းသီးစိပ် ကျပ်(၁၀၀)ဈေးနှုန်းမြင့်တက်ကြောင်း၊ ယခုအချိန်တွင် မိုးရွာသွန်းမှု များ၍ ကွမ်းရွက်ထွက်ရှိရာဒေသများရှိ ကွမ်းခြံများ၌ ကွမ်းရွက်အထွက်နှုန်းများလျော့ကျခြင်းကြောင့် ကွမ်းဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ပြီး ကွမ်းသီးမှာ မိုးတွင်းကာလဖြစ်၍ လမ်းခရီးအခက်အခဲကြောင့် သယ်ယူစရိတ်မြင့်မားလာပြီး ဈေးနှုန်းမှာမြင့်တက်ရခြင်းဖြစ်ကြောင်း အထက်မင်းလှ-သရက်ကားလမ်း ဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)