Main menu

စစ်ကိုင်းတိုင်းဒေသကြီး စားတော်ပဲ စိုက်ပျိုးထုတ်လုပ်မှုနှင့် အဟာရပြည့်ဝသည့် ပဲပြုတ်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ စိုက်ဧက(၂၄၅၂၁၅၈)ဧက အနက်မှ စားတော်ပဲ စိုက်ဧက (၅၃၆၀၇ )စိုက်ပျိုး ခဲ့သည့် အတွက် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စိုက်ဧက (၂၆၂)ဧက ပိုမိုစိုက်ပျိုးပါတယ်။ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၃၃၈၈၀၀)ခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈေး အနေဖြင့် တစ်တင်းလျှင် (၆၂၆၀၀) ကျပ်ရရှိကြောင်း၊ တစ်ဧကပျှမ်းမျှ အထွက်နှုန်းအနေဖြင့် (၁၆)တင်း ခန့် ထွက်ရှိပါသဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ်(၁၀)သိန်းကျော် ရရှိပါကြောင်းလေ့လာသိရှိရပါတယ်။ တစ်ဧက အကျိုးအမြတ် အနေဖြင့် (၆)သိန်းခွဲကျော်ရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့်သီးနှံ ဖြစ်တယ်အတွက် ဟုမ္မလင်း၊ မြင်သာ၊ ကက်သာကျေးရွာရှိ တောင်သူများမှ အဓိကစိုက်ပျိုးကြောင်း သိရ ပါတယ်။ တောင်သူများအတွက် အကျိုးရှိသည့်သီးနှံဖြစ်သည့်အပြင် စားသုံးသူပြည်သူများအတွက်လည်း မရှိမဖြစ်လိုအပ်သည့် သီးနှံတစ်ခုလည်းဖြစ်ပါတယ်။

       မြန်မာပြည်တွင် ခေတ်ရေစီးကြောင်းအလိုက် နေထိုင်မှု စနစ်ပြောင်းလဲလာသည်နှင့်အမျှ အစား အသောက်ပုံစံလည်း ပြောင်းလဲလို့ လာနေပါပြီ။ မည်သို့ပင်ပြောင်းလဲစေကာမှု၊ မပြောင်းလဲတာ တစ်ခုက တော့ ပဲပြုတ်စားသုံးသော ယဉ်ကျေးမှုလေးပါ။ ဘိုးဘွားဘီဘင်လက်ထက်မှစ၍ ယနေ့ထက်တိုင် မြန်မာ နိုင်ငံ၏ မြို့ရွာတိုင်းဒေသအသီးသီးမှာ “ဟောဒီက ပဲပြုတ်” ဆိုသော နံနက်ချိန်ခါ တေးသံသာကို ကြားရ စမြဲပါ။ ပဲပြုတ်ကို လွယ်လွယ်ကူကူ ထမင်းပူပူမှာ ဆီဆမ်းဆားဖြူး၍လည်းကောင်း၊ ထမင်းကြော်အဖြစ် တစ်ဖုံ၊ နံပြား/အီကြာကွေဖြင့်တွဲဖက်ကာ နံနက်စာအဆာပြေအဖြစ် လူကြီး/လူငယ်မရွေး၊ လူမျိုးဘာသာ မရွေး၊ ဆင်းရဲချမ်းသာမရွေး ခုံခုံမင်မင်စားသုံးနေကြတာပါ။ ဒါတင်မကသေးပါဘူး၊ ပဲပြုတ်သုပ်၊ ပဲပြုတ် ကြော်ဟင်းလျာများအဖြစ် စားသုံးနိုင်သလို ပဲပြုတ်ကို မျှစ်ဖြင့် ရောကြော်ကာ အရသာရှိရှိ စားသုံးလေ့ရှိ ကြပါသည်။ ထိုပြင် မြန်မာ့ရိုးရာ မုန့်ပဲသွားရည်စာများဖြစ်ကြသော ရေမုန့်/မုန့်လင်မယား/ ကောက်ညှင်း ပေါင်း/ လမ်းသရဲမုန့်တို့မှာလည်း ပဲပြုတ်ပါမှ ပြီးပြည့်စုံမှာပါ။

    “ပဲပြုတ်”ဆိုသည်မှာ စားတော်ပဲကိုအညှောင့်ထွက်စေကာ ပဲပွလာအောင် ဆော်ဒါဖေါက်ပေးပြီး အရသာနှင့် အရောင်တို့အတွက် ထန်းလျက်ခဲလေးဖြင့် ပေါင်းခံပြုတ်ထားခြင်းပါ။ မိမိပတ်ဝန်းကျင်မှာ စားတော်ပဲပြုတ်ကို နိစ္စဓူဝမြင်တွေ့နေကြရသော်လည်း ကျန်းမာရေးအတွက် မည်မျှထိ အရေးပါကြောင်း ကိုတော့ သတိထားမိကြမည်မထင်ပါ။ ဆေးသိပ္ပံနည်းအရ ဓါတ်ခွဲစမ်းသပ်ကြည့်ရာ စားတော်ပဲပြုတ်ထဲ တွင်လူသားတို့ကျန်းမာရေးကို အထောက်အကူဖြစ်စေသော ဗီတာမင်နှင့် သတ္တုဓါတ်တို့ အလုံအလောက် ပါရှိပြီး ဘေးဖြစ်စေတတ်သော ကိုလက်စထရောလုံးဝမပါရှိသည့်အတွက် နေ့စဉ်စားသုံးပေးသင့်သော အဟာရဖြစ်ကြောင်း USDA (ခေါ်)အမျိုးသားအဟာရပြု စစ်တမ်းများနှင့် WHFoods တို့မှ အခိုင်အမာ ထောက်ခံထားကြပါသည်။

        ပဲပြုတ်ထဲတွင် အဆီဓါတ်နှင့် ကယ်လိုရီပါဝင်မှုမရှိသလောက် လွန်စွာနည်းပါးသော်လည်း အာ ဟာရ ဓါတ်ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာအလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ မှီဝဲစားသုံးသင့်ပါသည်။ ပဲပြုတ်ထဲတွင် ချေဖျက်လွယ်သော အမျှင်ဓါတ် အမြောက်အများပါရှိ၏။ ထိုအမျှင်ဓါတ်များသည် အစာ ခြေလမ်းကြောင်းအတွင်း အစာကို လှုပ်ရှားရွေ့လျားစေသည့် အလိုအလျောက်ကြွက်သားလှုပ်ရှားမှုကို အားပေးသဖြင့် ဝမ်းမချုပ်စေပါ။ စား‌တော်ပဲပြုတ်ထဲတွင် nicotinic အက်ဆစ်ပါရှိသဖြင့် သွေးထဲရှိ မကောင်းသော ကိုလက်စထရောကို လျော့ချပေးနိုင်သည်။ စားတော်ပဲသည် သံဓါတ်အရင်းအမြစ်ဖြစ် ခြင်းကြောင့် သွေးနီဥဆဲလ်များကိုကောင်းစွာတည်ဆောက်စေကာ သွေးအားနည်းရောဂါနှင့် အလွန်အမင်း မောပမ်းခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေပါသည်။ ထို့ပြင် အဆုတ်ထဲရှိ အောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးပါတယ်။

     စားတော်ပဲထဲတွင် Lutein နှင့် carotenoid တို့ပါရှိသဖြင့် ပဲပြုတ်ကို ပုံမှန်စားသုံးသောသူများ သည် အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် မျက်စေ့ရောဂါအမျိုးမျိုးနှင့် မျက်စေ့ရေတိမ်ရောဂါဖြစ်နိုင် ချေအလားအလာကို လျော့ချပေးနိုင်ကြောင်း နိုင်ငံတကာဆေးသိပ္ပံပညာရှင်များက အကြံပြုပေးထား တာကိုလည်း လေ့လာသိရှိရပါတယ်။ စားတော်ပဲပြုတ်တစ်ခွက်စာပမာဏထဲတွင် ဗီတာမင်ကေ ၄၄% ပါရှိသည့်ပြင် ဗီတာမင်ဘီလည်းပါရှိသဖြင့် အရိုးကိုကျန်းမာ သန်စွမ်းစေကာ ဟိုမုန်းအပြောင်းအလဲ ကြောင့် အရိုးကြွတ်ဆတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း ထို့ကြောင့် ကလေး/လူကြီးများသာမက ကိုယ်ဝန်ဆောင်မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်ပါတယ်။

     စားတော်ပဲထဲတွင် ဗီတာမင်ဘီဓါတ်ပေါင်းစုပါရှိကာ homocysteine ပမာဏကို လျော့ကျစေ သဖြင့် နှလုံးရောဂါအမျိုးမျိုးကို ထိထိရောက်ရောက်ကာကွယ်ပေးသည့်အပြင် နှလုံးရောဂါနှင့်ပတ်သက် ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းတို့ကိုလဲ မဖြစ်စေပါ။ ထို့ကြောင့် တစ်ပတ်လျှင် အနည်းဆုံး တစ် ကြိမ် စားပေးသင့်ကြောင်း ဆေးသိပ္ပံပညာရငိများက အကြုံပြုထားပါတယ်။ စားတော်ပဲထဲတွင် ဗီတာမင် အေ-ဘီ-စီ-အီး၊ omega-3 တို့ပါရှိသည့်ပြင် ဇင့်သတ္တုဓါတ်အလုံအလောက်ပါရှိ၏။ ထိုဓါတ်ပေါင်းစု များသည် လေပြွန်ဖောင်းပွသည့်ရောဂါ၊ မှက်ခရုရောဂါ၊ အယ်လ်ဇိုင်မား(ခေါ်) ဦးနှောက်အကြိုဇရာ ရောဂါတို့ကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရပါတယ်။ စားတော်ပဲပြုတ် ထဲတွင် glycemic ဓါတ်ပါဝင်မှုနဲပါပြီး သွေးထဲရှိ သကြားပမာဏကို ထိန်းပေးနိုင်ခြင်းကြောင့် ဆီးချို ရောဂါသည်များ အတွက် ပဲပြုတ်ဟာ အကောင်းဆုံးအဖော်မွန်ဖြစ်ပါတယ်။

    အဟာရဓါတ်ကြွယ်ဝသော ပဲပြုတ်ကို ဈေးဈေးပေါပေါနှင့် အလွယ်တကူရရှိနိုင်သဖြင့် နိုင်ငံတိုင်းတွင် ဆင်းရဲချို့တဲ့သူများအတွက် အသားဟင်းလျာဟု တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ ထို့ကြောင့် မိမိတို့လက်တကမ်းတွင် အလွယ်တကူဈေးနှုန်းချိုသာစွာ ရရှိနိုင်သော “စားတော်ပဲပြုတ်”လေးများကို နေ့စဉ်သုံးအစားအစာအဖြစ် စားသုံးသင့်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)