
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ဥယျာဉ် ခြံမြေများနှင့် နေအိမ်များအတွင်းရှိ မြေကွက်လပ်များတွင် နဂါးမောက်သီးကို တပိုင်တနိုင် စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရှိရသည်။ နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံဖြစ်သည့်အတွက် စားသုံးသူများမှ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံး ကြ၍ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။ နဂါးမောက်ပင်သည် ရေဝပ်မြေကို ကြိုက်နှစ် သက်ခြင်းမရှိဘဲ သဘာဝမိုးရေကိုကြိုက်နှစ်သက်ပြီး မြေအမြင့်ပိုင်းတွင်စိုက်ပျိုး၍ စိုစွတ်မှုကို ကြိုက်နှစ်သက်၍ နဂါးမောက်ပင်အား နေ့စဉ်ရေဖျန်းပေးပြီး အစိုဓါတ်ပေးပါက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း မှုရှိကြောင်း၊ စိုက်ပျိုးပြီး(၁)နှစ်အကြာတွင် ရောင်းတန်းဝင်အသီးများ စတင်ဆွတ်ခူးရကြောင်း၊ (၁) နှစ်လျှင် ရာသီဥတုပေါ်မူတည်၍ (၃)ကြိမ်မှ(၅)ထိ အသီးလှိုင်လှိုင်သီးကြောင်း၊ ဇွန်၊ ဇူလိုင်လများတွင် နဂါးမောက်သီးများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ အလုံးအရွယ်အစားလိုက်၍ ကျပ်(၅၀၀- ၁၅၀၀)ဈေးဖြင့် ရောင်းချရ၍ မိသားစုစီးပွားရေးအဆင်ပြေကြောင်း၊ ဈေးကွက်အနေဖြင့် အိမ်ခြံမြေထွက် နဂါးမောက်သီးများကို မြို့ပေါ်ရှိ သစ်သီးဆိုင်များသို့ ရောင်းချခြင်းအပြင် အခြားမိသားစုဝင်များမှလည်း လာရောက်ဝယ်ယူ စားသုံးကြ၍ မိသားစုစီးပွားရေးအဆင်ပြေကြောင်း နဂါး မောက်သီးနှံစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။
နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ဂရုတစိုက်ပြုစုပျိုးထောင် စိုက်ပျိုးပါက မိသားစု ဝင်ငွေ တိုးပွားစေသည့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ နဂါးမောက်စိုက်ပျိုးရာတွင် အတန်းလိုက် စိုက်ပျိုးပြီး ပင်ကြားတန်းကြား(၆)ပေခန့် အကွာထား၍ စိုက်ပျိုးပြီး အသီးအပွင့်လိုက်ချိန်တွင် တိုင် ထောင်ပြီး စင်များပြုလုပ်၍ စိုက်ပျိုးကြသည်။ တစ်ပင်လျှင် နဂါးမောက်သီးအလုံး(၂၀ မှ ၃၀ ထိ)ရှိကြောင်း၊ နဂါးမောက်အဖြူသီးနှင့်အနီသီးနှစ်မျိုးရှိပြီးနဂါးမောက်(အနီ)သီးသည် ကျန်းမာရေး ဆေးဖက်ဝင်၍ ပုံမှန်မှီဝဲစားသုံးပါကအစာချေဖျက်အားကောင်းပြီး ဆီး၊ ဝမ်းမှန်၍ သွေးတိုး ဆီးချို ရှိ သူများ စားသုံးပေးပါက ကျန်းမာရေးအထူးကောင်းမွန်သော ဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်၍ စားသုံး မှုများလျက်ရှိသည်။ ယခုအချိန်တွင် နဂါးမောက်သီးနှံစိုက်ပျိုးမှုကို ဒေသခံပြည်သူများသည် မိမိနေ အိမ်ခြံစည်းရိုးများတွင် တိုးချဲ့စိုက်ပျိုးမှုများလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)