Main menu

ရာသီစာ မျှစ်စိမ်းများ ရောင်းချလျက်ရှိ

Powered by Drupal
မျှစ်ကို အင်္ဂလိပ်လို (Bamboo Shoot)ဟုခေါ်သည်။ Bamboo ဆိုတာ ဝါးပင် Shoot ဆိုတာ အတက်အကင်းကိုပြောတာဖြစ်ပါသည်။ ဝါးအတက်အကင်းလေး (ဝါးပင်ပေါက်စ) ဖြစ်ပါသည်။ မျှစ်ဆိုတာ တစ်ချိန်ကျ ဝါးပင်ဖြစ်မယ့် အပင်ဖြစ်ပါသည်။ ရက်သတ္တနှစ်ပတ်သား မတိုင်ခင် ဝါးပင်ပေါက်အရွယ်မှာ ချိုးယူ၍ မျှစ်အဖြစ် စားသောက်နိုင်သည်။ မျှစ်ကို ချက်ချင်းလက်ငင်းချိုးယူ စားသုံးနိုင်သကဲ့သို့ တာရှည်ခံအောင်ထား၍လည်း စားသုံးနိုင်သည်။ ဝါးပင်ပေါက်ကို မျှစ် စားစရာအဖြစ် အသုံးဝင်ရုံမျှမက ဝါးပင် နှစ်နှစ်သားခန့်တွင် နှီးဖျာ အဖြစ်ယက်လုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင် အထပ်သား၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာနှင့် ဝါးတိုင် စသည်ဖြင့် လူ့အသုံးအဆောင်ပစ္စည်း များအတွက် အသုံးဝင်လှပါသည်။ မျှစ်စို့သည် နုသည်။ ချိုသည့် အရသာရှိသည်။ ဝါးအမျိုးမျိုးရှိသလို မျှစ်အမျိုးအစားလည်း အများကြီးရှိပါသည်။ ဘယ်အမျိုးအစားပဲဖြစ်ဖြစ် မျှစ်ဟာ အာဟာရဓါတ်များစွာပါပြီး ဈေးကလည်း အရမ်းမကြီးသည့်အတွက် လူတန်းစားမရွေးရဲ့ ကြိုက်နှစ်သက်ခြင်းကိုလည်း ခံရပါသည်။ မျှစ်မှာ ကစီဓါတ် ၄ ရာခိုင်နှုန်းနဲ့ အမိုင်နိုအက်စစ် အမျိုးပေါင်း ၁၇ မျိုး အပါအဝင် အသားဓါတ် ၅ ရာခိုင်နှုန်း ပါသည့်အတွက် အာဟာရ တန်ဖိုးမြင့်ပါတယ်။ ဒါ့အပြင် ဆယ်လူလို့စ် ခေါ် အမျှင်ဓါတ်၊ ဗီတာမင်ဘီ၊ ဗီတာမင်အေ၊ သံဓါတ်၊ သွပ်ဓါတ်၊ ဖောလစ်အက်စစ်ဓါတ်၊ နစ်ကိုတင်းနစ်အက်စစ်၊ ဆီလီနီယံဓါတ်၊ ပိုတက်ဆီယမ်ဓါတ်တို့လည်း ကြွယ်ဝစွာပါရှိပါသည်။ ဗီတာမင်တွေ၊ သတ္ထုဓါတ်တွေ များစွာပါသည့် အတွက် မျှစ်သည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကိုပြေစေနိုင်သည်။ ကိုယ်တွင်းရှိ ဖရီးရက်ဒီကယ်ဓါတ် များကို လျော့ချပေးနိုင်သောကြောင့် မျှစ်အား ရေရှည်စားသုံးပေးပါက နုပျိုပြီး အသက်ပိုရှည်နိုင်သည်။ ပိုတက်စီယမ်ဓါတ်ကလည်း သွေးတိုးကိုလျှော့ချပေးနိုင်သည်။ မျှစ်တွင် ပါဝင်သော ဗီတာမင်ဘီနှင့် နီကိုတင်းနစ်အက်စစ်တို့က အဆီချပေးနိုင်သည်။ မြင်းဖုခေါ် အသားလုံးတည်ခြင်း ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်။ မျှစ်တွင် အမျှင်ဓါတ်ခေါ် ဆယ်လူးလို့စ်ဓါတ်လည်း များပြားစွာပါသည့်အတွက် အူမကြီးအား လှုပ်ရှားစေရန် နှိုးဆွပေးသောကြောင့် ဝမ်းချုပ်ခြင်းအား မဖြစ်စေဘဲ ဝမ်းကိုမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါသည်။ မျှစ်မှာ မပြည့်ဝဆီ ခေါ် unsaturated fat သာ ပါဝင်သည့်အတွက် မျှစ်မှီဝဲသဖြင့် အဆီတက်မှာ စိုးရိမ်စရာမလိုပါ။ ဒါ့အပြင် မျှစ်စားခြင်းဖြင့် ကိုလက်စထရောဓါတ်ကိုပါ ကျစေနိုင်ပါသည်။ မျှစ်ကို အမျိုးမျိုးလုပ်စားနိုင်ပါသည်။ မျှစ်ချည်းပဲပေါင်းစားတာ၊ ပြုတ်ပြီး ငပိရည်နဲ့တို့စားတာ၊ ကြော်စားတာ၊ သုပ်စားတာအပြင် အသားတစ်မျိုးမျိုးနဲ့ကြော်စားတာ၊ မျှစ်ချဉ်နဲ့ဝက်သား သို့မဟုတ် ငါးခေါင်းနဲ့ ဟင်းချိုချက်သောက်တာ၊ မျှစ်ကို အခြောက်လှမ်းပြီး သုပ်စားတာစသဖြင့် စုံလင်စွာ လုပ်စားနိုင်ပါသည်။ မျှစ်စားမည်ဆိုပါက အမြင်လှအောင် အနီရောင်၊ အဝါရောင် စသဖြင့် တားမြစ်ဆေး ဆိုးထားသည့်မျှစ်တွေကို ရှောင်ပါ။ ဖြစ်နိုင်လျှင် မျှစ်ချိုးရောင်းသည့်သူဆီက တိုက်ရိုက်ဝယ်စားတာ သို့မဟုတ် သဘာဝအတိုင်းရောင်းသည်ဆိုင်ကပဲရှာဝယ်ပြီးစားတာ ကျန်းမာရေးအတွက် ကောင်းပါသည်။ မိုးဦးကာလ မျှစ်စတင်ချိုးရသည့်အချိန်ဖြစ်၍ ယခင်လက မျှစ်စိမ်း ၂၅ ကျပ်သားလျှင် ၃၀၀၀ ကျပ်နှုန်း၊ ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ယခုလတွင် မျှစ်စိမ်း ၂၅ ကျပ်သားလျှင် ၂၀၀၀ ကျပ်နှုန်း၊ ၁ ပိဿာလျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)