
သစ်တော်သီး ကြွပ်ကြွပ်လေးကို ဆား၊ သကြား၊ ငရုတ်သီးမှုန့် တို့နှင့် ပါးပါးလေးနဲ့နယ် သံပုရာသီးလေး ညှစ်ပြီး စားပါက အလွန်စားကောင်းပါသည်။ သစ်တော်သီးသည် အခွံညိုညိုလေးမှာ အညိုရင့်ရင့် အစက်လေးတွေ ပါနေပြီး အလယ်ချက်တိုင်လေးနှင့် အတွင်းသားက ဖြူဖြူကြွပ်ကြွပ် ချိုချိုချဉ်ချဉ် အရသာရှိပါသည်။ သစ်တော်သီးတွင် အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူတွေရဲ့ အာဟာရစုပ်ယူမှုကို ကောင်းမွန်စေသလို အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပါသည်။ ဝမ်းမှန်စေသလို လေပွတာ၊ အစာမကြေတာမျိုးမဖြစ်စေဖို့ကာကွယ်ပေးနိုင်ပါသည်။အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပြီး အစာခြေစနစ်ပြဿနာတွေ ကင်းဝေးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင် ပါသည်။သစ်တော်သီးတွင် ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပါသည်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းအဆီတွေကို လျှော့ချပေးနိုင်မှုက နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးတိုးရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး အဝမလွန်အောင် ကာကွယ်ပေးနိုင်သလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးပါသည်။ အူမကြီးက အဆိပ်အတောက်တွေ ကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။သစ်တော်သီးမှာ ပါဝင်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က အစာခြေ လုပ်ငန်းစဉ်ကို အချိန်ကြာကြာ လုပ်ဆောင်စေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါသည်။ သစ်တော်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုသော်လည်း အများကြီး စားလျှင် လေချုပ်ခြင်း မျိုးဖြစ်စေနိုင်သောကြောင့် အလွန်အကျွံ မစားမိဖို့ လိုအပ်ကြောင်း ဆေးပညာ ဗဟုသုတမှ လေ့လာ သိရှိရပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ပေါ်ဦးပေါ်ဖျား သစ်တော်သီးများ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ ဝင်ရောက်လျှက်ရှိပါသည်။ စတင်ထွက်ပေါ်ချိန်ဖြစ်၍ သစ်တော်သီး အလုံးအကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် (၂၀၀၀-၃၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရပါသည်။
DOCA(မန္တလေး)