
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်သည့်အပြင် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၆.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေပါရမီစားသောက်ဆိုင်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ဟိုးဟိုးကျော် စားသောက်ဆိုင်တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ စစ်ဆေးခဲ့ပါသည်။
အဆိုပါစားသောက်ဆိုင်များတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက် ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့်သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူတို့၏အခွင့်အရေးကို ကာကွယ်ရန်၊ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size)ပမာဏအလိုက် ဈေးနှုန်းအားပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေးဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ပြီးဒု-ခရိုင်ဦးစီးမှူးမှ ဥပဒေပါစားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်း အကြောင်းများ၊ တိုင်ကြားခြင်းနှင့်စိစစ်ညှိနှိုင်းဖြေရှင်ခြင်းအကြောင်းများ၊ စီမံခန့်ခွဲရေးပြစ်ဒဏ်များ အကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အစားသောက်ရောင်းချရာတွင် သုံးစွဲသည့်ရေများ သန့်ရှင်းမှုရှိစေရန်၊ စားသောက်ဖွယ်ရာများသန့်ရှင်းစေရန်၊ စွန့်ပစ်ရေများရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ကူးစက်ရောဂါများအထူးသတိပြုရန်နှင့် အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန် အသိပညာပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)