Main menu

ရေစကြိုမြို့ရှိ “ကောင်းသန့်” ပဲကြော်လုပ်ငန်း ထုတ်လုပ်ပုံ အဆင့်ဆင့်အား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ရေစကြိုမြို့နယ် တာဝန်ခံ ဦးမြတ်မင်းနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ကြည်ကြည်စိုးတို့သည် (၉.၈.၂၀၂၂) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ရေစကြိုမြို့အမှတ်(၈)ရပ်ကွက်၊ “ကောင်းသန့်” ပဲကြော် လုပ်ငန်းသို့သွားရောက်၍ ကုန်ကြမ်းများဝယ်ယူရသည့် အခြေအနေ၊ ထုတ်လုပ်မှု အခြေအနေ၊ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ သုံးစွဲသည့် ဆီအမျိုးအစား၊ ဆီဝယ်ယူရရှိမှုနှင့် သုံးစွဲမှု အခြေအနေများကို ကွင်းဆင်းမေးမြန်းခဲ့ပါသည်။ မေးမြန်းရာတွင် ကောင်းသန့်ပဲကြော် မန်နေဂျာ ဦးမျိုးလွင်မှ ပဲကြော်ရာတွင် သုံးသည့်ပဲမှာ တရုတ်ပဲနှင့် စွန်တာနီပဲများဖြစ်ကြောင်း၊ ယခုအချိန်တွင် တရုတ်ပဲများကိုသာ အများဆုံးကြော်နေရကြောင်း၊ တရုတ်ပဲကို မန္တလေးမှ ဝယ်ယူပြီး ဈေးနှုန်းမှာ (၅၀)ပိဿာပါ (၁)အိတ်လျှင်(၂၁၀၀၀၀/-)ကျပ်ပေးရကြောင်း၊ စွန်တာနီဆိုလျှင် (၃၀)ပိဿာပါ (၁)အိတ်ကို (၁၂၀၀၀၀/-)ကျပ်ပေးရကြောင်းပြောပြခဲ့ပါသည်။

          ဆက်လက်၍ ထုတ်လုပ်မှုအဆင့်ဆင့်ကို ပြောပြရာတွင် ပထမဦးစွာ ပဲဆံများကို စက်ဖြင့် အခွံချွတ်ကြောင်း၊ (၃၀) ပိဿာပါ (၁) အိတ်ကို အခွံချွတ်ရာတွင် တရုတ်ပဲဆို (၂၃) ပိဿာကျန်ပြီး၊ စွန်တာနီဆိုလျှင် (၂၃)ပိဿာ (၅၀)ကျပ်သား ကျန်ရှိကြောင်း၊ ကြော်မည်ဆိုလျှင် (၁)ညရေစိမ် ထားရကြောင်း၊ မနက်မှစက်များဖြင့် ကြော်ကြောင်း၊ (၁)ဒယ်လျှင် (၁၅)ပိဿာ ထည့်ကြော်ကြောင်း၊ စကြော်ရာတွင် ကြော်စက်ထဲသို့ ဆီပေပါ (၇) လုံးခန့် ထည့်ရကြောင်း၊ (၁)ရက်လျှင် စက် (၁) လုံးကို ပဲအိတ်အလုံး(၅၀) ကြော်ရကြောင်း၊ စက်(၃)လုံးရှိသော်လည်း (၂)လုံးသာ ကြော်ကြောင်း၊ (၁)လုံးမှာ အရန်ထားကြောင်း၊  တစ်နေ့လျှင် ပိဿာ(၃၀)ပါ အိတ်(၁၀၀)ကြော်ရကြောင်း၊ (၁)ရက် (၃၀) ပိဿာပါ ပဲအိတ် (၁၀၀)ကြော်ရာတွင် တရုတ်ပဲဆိုလျှင် ဆီပေပါ (၁၈) လုံးခန့် ကုန်ပြီး စွန်တာနီ ဆိုလျှင် ဆီပေပါ (၁၀)လုံးခန့် ကုန်ကြောင်း၊ (၃၀)ပိဿာပါ ပဲ(၁)အိတ်ကြော်လျှင် တရုတ်ပဲ ဆို (၄၀) ပိဿာရပြီး၊ စွန်တာနီပဲဆိုလျှင် (၃၁)ပိဿာရကြောင်း၊ ပဲကြော်ရာတွင် လောင်စာအဖြစ် ဇီးခွဲကြမ်းများကိုသုံးကြောင်း၊ (၁)ပိဿာကို (၁၅၀/-)ကျပ်ပေးရကြောင်း၊ (၁)ရက်လျှင်(၂၀)အိတ် ကုန်ကြောင်း သိရပါသည်။

         ပဲကြော်ဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးအနေဖြင့် (၁)ပိဿာကို တရုတ်ပဲကြော် ဆိုပါက (၆၅၀၀/-) ကျပ်ရှိပြီး ရိုးရိုးပဲမှာ (၅၅၀၀/-)ကျပ် ဖောက်သည်ပေးရကြောင်း၊ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ (၃၀)ပိဿာအိတ်ကြီးများဖြင့် တင်ပို့ရကြောင်း၊ အလုပ်သမား (၃၀) ကျော်ရှိ ပြီး (၁)ရက်လျှင် အလုပ်သမားခမှာ(၁)ဦးကို (၁၀၀၀၀/-)ကျပ်ပေးရကြောင်း ယခုအခါတွင် ပဲကြော်ရန် ဆီ(၁)ပိဿာကို(၈၈၀၀/-)ကျပ်ပေးဝယ်ရ၍ အခက်အခဲရှိနေကြောင်း ဈေးကွက် အနေဖြင့် ထုတ်လုပ်နိုင်သလောက် တင်ပို့ရောင်းချရကြောင်း၊ ဒါပေမဲ့ ဆီအလုံအလောက် ဝယ်ယူ၍မရသောကြောင့် မကြော်နိုင်ကြောင်း၊ အလုပ်သမားများမှာလည်း တွက်ချေကိုက်မှုမရှိပဲ အခက်အခဲများရှိနေကြောင်း၊ ရေစကြိုမြို့အနေဖြင့် မိမိအပါအဝင် ပဲကြော်ဖို (၅) ဖို ရှိပါကြောင်း၊ ပဲဖို(၁) ဖိုတွင် (၁) ရက် သုံးစွဲဆီ (၂၀၀၀) ပိဿာနှင့် (၁) လလျှင် (၆၀၀၀၀) ပိဿာခန့် လိုအပ်ကြောင်း၊ ပဲကြော်ဖို (၅)ဖို ရှိသည့်အတွက် (၁)ရက်လျှင် သုံးစွဲဆီ (၁၀၀၀၀) ပိဿာနှင့် (၁) လလျှင် (၃၀၀၀၀၀) ပိဿာခန့် လိုအပ်မည်ဖြစ်ကြောင်း၊ စားအုန်းဆီကို ဈေးနှုန်းသက်သာစွာဖြင့်အလွယ်တကူ ဝယ်ယူရရှိပါကအဆင်ပြေပြီး အလုပ်သမားများလည်း အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ကြောင်း၊ စားသုံးသူများကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း မန်နေဂျာ ဦးမျိုးလွင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)