
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Online စနစ်ဖြင့် စားသုံးသူရေးရာသင်တန်းကျင်းပခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးဉီးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မုံရွာခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ကလေးခရိုင်ဉီးစီးမူးရုံး၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးနှင့် ရွှေဘိုခရိုင်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများက Online စနစ်ဖြင့် တက်ရောက် ခဲ့ကြပြီး စုစုပေါင်း (၇၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူအခွင့်အရေးများ အပြည့်အဝ ကာကွယ်ပေး နိုင်ရေး၊ အသိပညာပေးခြင်းအားဖြင့် လုပ်ငန်းရှင်များက စည်းစနစ်တကျရှိလာပြီး စားသုံးသူ ပြည်သူများ အား အရည်အသွေးအဆင့်ရှိထုတ်ကုန်များ ထုတ်လုပ်ပြီးကောင်းမွန်သော ဝန်ဆောင်မှုပေးလာစေခြင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးသူများ၏ ပညာပေးခြင်းနှင့် စစ်ဆေးခြင်း အရည်အသွေးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။
အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ၊ ဒေါ်အေးမြင့်ငြိမ်းက စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁)တွင် ပြဌာန်းထားသည့် အမည်၊ စတင် အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်များအား ရှင်းလင်းပို့ချခဲ့ရာ ဥပဒေပုဒ်မ ၁ ပုဒ်မခွဲ(က)နှင့် (ခ)ပါ အမည်၊ စတင် အာဏာတည်ခြင်း၊ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က)မှ (ပ)အထိပါ အဓိပ္ပါယ်ဖော်ပြချက် (၂၁)ချက်တို့အား မှတ်သားရလွယ်ကူစေရန် အတိုကောက်စကားလုံးများဖြင့်လည်းကောင်း၊ လက်တွေ့ မြေပြင်တွင် ဆောင်ရွက်နေမှုများနှင့်ချိတ်ဆက်၍လည်းကောင်း ဥပမာများပေး၍ ဝန်ထမ်းများ စိတ်ဝင်စားအောင် အသေးစိတ် ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)