
ခိုင်ရွှေဝါပန်း(၂)မျိုးရှိသည်။ ဘုရားပန်းလှူသော ပန်းနွယ်ဝင်ခိုင်ရွေဝါပန်းနှင့် အလှပန်းပင် စိုက်ပျိုးသော ခိုင်ရွှေဝါပန်းတို့ဖြစ်သည်။ ဘုရားပန်းလှူ၊ပန်းခြံများတွင် အလှစိုက်ပျိုးသော ခိုင်ရွှေဝါပန်းမှာ သစ္စာပန်း၊ ရေမွှေးပန်း၊ ပဲပန်းများကဲ့သို့ ပွင့်သောပန်းဖြစ်သည်။ အလှစိုက်သော ခိုင်ရွှေဝါပန်းမှာ တစ်ဆယ့်နှစ်ရာသီလုံးပန်းပွင့်သော နွယ်ပင်အမျိုးအစားဖြစ်သည်။ အိမ်ရှေ့ ကျောင်းရှေ့ အလှစိုက်ပျိုးလေ့ရှိသည်။ လှပလွန်းသောရွှေရောင် အဆင်းရှိသည် ခိုင်ရွှေဝါပန်းများကို ကမ္ဘာနေရာအနှံ့အပြားတွင် ပန်းဥယျာဉ်ကြီးများတွင် စိုက်ပျိုးလေ့ရှိကြသည်။ ခိုင်ရွှေဝါပန်းသည် ရနံ့မကြွယ် လှသွေးကြွယ်သော ပန်းကလေးများဖြစ်သည်။ ဘုရားပန်းလှူသော ခိုင်ရွှေဝါပန်းသည် ဆောင်းရာသီတွင် ပွင့်သောပန်းဖြစ်သည်။ ခိုင်ရွှေဝါပန်းလေးတွေ၏အမှတ်သင်္ကေတသည် ကံကောင်းစေသော အမှတ်လက္ခဏာ၊ ကောင်းမွန်သော ကံကြမ္မာ ဟူ၍ အဓိပ္ပာယ်ရသည်။ လှပလွန်းသော ရွှေဝါရောင် ခိုင်ရွှေဝါပန်းလေးတွေက ဈေးကွက်ရပြီး ရောင်းပန်သာသော ပန်းအမျိုးအစားဖြစ်သည်။ မိုးကုတ်၊ပြင်ဦးလွင်ဒေသတွင် အများအပြားစိုက်ပျိုးကြသည်။ နွယ်ပင် အမျိုးအစား ခိုင်ရွှေဝါပန်းပင်ကလေးများကတော့ အိမ်ရှေ့ကျောင်းရှေ့ ကျက်သရေဆောင်အဖြစ် အလှစိုက်ပျိုးကြသည်။ ရနံ့မပါပေမယ့် လှပသောပန်းခိုင်လေးတွေမို့ အချို့ အမျိုးသမီးများ ဆံကေသာတွင် အမြတ်တနိုးပန်ဆင်လေ့ရှိကြသည်။တစ်ဆယ့်နှစ်ရာသီပွင့်သော ပန်းကလေးတွေ၏ အဓိပ္ပာယ်သည် ရိုးသားဖြူစင်ခြင်း ဟူ၍ သဘောကို ဆောင်နိုင်သောကြောင့် စိုက်ပျိုးသင့်သော ပန်းကလေးများ ဖြစ်ပါသည်။ ခိုင်ရွှေဝါပန်းပျိုးပင် တစ်ပင်လျှင်(၅၀၀၀/၈၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်းပန်းပျိုးပင်အရောင်းဆိုင်မှ သိရသည်။
DOCA(မန္တလေး)