
သော်ကပန်းပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အရိပ်လည်းရ ပန်းလည်းလှမို့ တချိန်က အိမ်တိုင်းနီးပါး စိုက်ပျိုးလေ့ရှိသည်။ ယခုအခါ အခြားသောမွှေးသောပန်း လှသောပန်းများသည် အပင်ငယ်ဖြင့် ပွင့်ကြသည်အဖြစ် မြန်သည့်ယိုးဒယားကိုင်းကူး မျိုးများ ပန်းပင်မျိုးစုံထွက်ပေါ်လာသောကြောင့် သော်ကပန်းပင်သည် လူသိနည်းသွားပြီး စိုက်ပျိုးမှု နည်းလာသည်။ အချို့ဆို သော်ကပန်းကို မမြင်ဘူးကြတော့ပေ။ ကျွန်မတို့ငယ်ငယ်ကဆိုလျှင် သော်ကပန်းကို ဆံကေသာထက်တွင် အမြတ်တနိုးပန်ဆင်လေ့ရှိသည်။ သော်ကပန်းသည် အနီရောင်ပန်းအုပ်လိုက်ကလေးများ ပွင့်တတ်သည်။ ပန်းတို့၏ သဘောသည် ရာသီအလိုက် ပွင့်တတ်ကြသလို ပန်း၏အဓိပ္ပာယ်မှာလည်း ပန်းတို့၏ သဘာဝသဘောကို ဆောင်ကြဉ်းလေ့ရှိသည်။ သော်ကပန်း၏ အဓိပ္ပာယ်မှာ ကိုယ်ကိုခွင့်လွှတ်ပါ ဟူ၍ ဖြစ်သည်။ သော်ကပန်းသည် မိုးရာသီမှလွဲ၍ ကျန်လများတွင် ပွင့်သော ရာသီပန်းဖြစ်သည်။ သော်ကပန်းသည် တင့်တယ်ခန့်ညားပြီး ကျက်သရေကို ဆောင်သည့် နတ်ပန်းတမျှလှပသည်။သော်ကပန်းပင်ပွင့်နေကျအချိန်တွင် မပွင့်လျှင် ခြေကျင်းဝတ်ထားသော အပျိုချောချောလေးက အပင်ရင်းကို ဖိနင်းပေးရသည် ဟု ဆိုခဲ့ဖူးကြသည်။ မြန်မာနိုင်ငံ၏ မူရင်းသစ်ပင်ပန်းပင်မျိုး ဖြစ်သည်။ အပူပိုင်းဒေသ ပွင့်သောပန်းများအနက်အပွင့် ပွင့်ပုံ ခန့်ညားထယ်ဝါလှသဖြင့် အလှဘုရင်မ သစ်ပင်အဖြစ် တင်စားကြသည်။သော်က ဟူသော ဝေါဟာရသည် အာသောကမှ ဆင်းသက်လာပြီး စိုးရိမ်ကြောင့်ကြမှုကို ပျောက်တတ်သည် ဟု အဓိပ္ပာယ်ရသည်။ သော်ကပန်းသည် မြန်မာနိုင်ငံ၏ မူရင်းဒေသပန်းမျိုးဖြစ်ပြီး အရိပ်လည်းရ ပန်းလည်းလှမို့ မျိုးတုံးပျောက်ကွယ်မသွားအောင် စိုက်ပျိုးသင့်သောပန်းပင်တစ်မျိုး ဖြစ်သည်။ သော်ကပန်းပျိုးပင်မှာ ဝယ်ယူသူနည်းပါးလျှက်ရှိပြီး တစ်ပင်လျှင် (၃၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင် အရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)