Main menu

မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာ၌ မိုးနှမ်းစိုက်တောင်သူများ ဈေးကောင်းရလျက်ရှိ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ မကြီးကန်၊ ဆားတိုင်ကန်၊ နွားကူး၊ စမ်းတန့်၊ ပုထိုးစမ်း စသည့်ကျေးရွာများသည် မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြား ဗူး၊ ဖရုံ၊ ချဉ်ပေါင်၊ ပဲသီးပင်များကို ရာသီအလိုက် စိုက်ပျိုးကြကြောင်း၊ မကြီးကန်ကျေးရွာ၌ မိုးနှမ်းကို ၂၀၂၅ ခုနှစ်၊ မေလတွင် စိုက်ပျိုးကြပြီး ဇူလိုင်လ(တတိယပတ်) တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။

          မကြီးကန်ကျေးရွာနေ၊ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်(၃)ဧကခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် သိပ္ပံနှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၃) ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးကို တောင်သူအချင်းချင်းဆီမှ (၁)ပြည်လျှင် ကျပ်(၁၈၀၀၀)ဖြင့် ဝယ်ယူ ၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ ပေါင်းနှုတ်ခ၊ ‌ဆေးပတ်ခြင်းနှင့် အခြားသွင်းအားစရိတ်အပါအဝင် စုစုပေါင်း ကျပ်(၇၅၀၀၀၀)ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၁၂)တင်းခန့် ထွက်ရှိကြောင်း၊ လက်ရှိစျေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် နှမ်းနက်(၁)တင်းလျှင် ကျပ်(၂၇၀၀၀၀)အထိ ပေါက်စျေးရှိ သည့် အတွက် အကျိုးအမြတ်အနေဖြင့် ကျပ်(၂၅)သိန်းခန့်ရရှိကြောင်း၊ စျေးကွက်အနေဖြင့် မကွေးမြို့ ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ဈေးကောင်းသည့်နှစ်ဖြစ်သည့်အတွက် မကွေးမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ စီးပွားရေးအဆင်ပြေ၍ ပြုံးပျော်ရသည့်နှစ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)