
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ မြို့မစည်ပင်သာယာဈေးသို့ မြို့နယ်အတွင်း ရှိ ကျေးရွာများဖြစ်ကြသော သဲတောကျေးရွာ၊ ကံသာစုကျေးရွာနှင့် မီးသွေးဖုတ်ကျေးရွာတို့မှ ခြံထွက် ဟင်းသီးဟင်းရွက်များ နေ့စဥ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမ၊ ဒုတိယ၊ တတိယပတ်)များတွင် ဆူးပုတ်ရွက် (၁)ပိဿာလျှင် ကျပ်(၉၀၀၀ မှ ၁၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇူလိုင်လ(စတုတ္ထပတ်)တွင် (၁)ပိဿာ လျှင် ကျပ်(၈၀၀၀ မှ ၉၀၀၀)ထိရှိခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀၀မှ ၂၀၀၀) ခန့်ထိ ကျဆင်းလာကြောင်း သိရသည်။ ဆူးပုတ်ပင်ကို သရက်မြို့နယ်အတွင်းရှိ ကျေးရွားများ၌ ခြံစည်းရိုးသဖွယ် စိုက်ပျိုးထားရှိခြင်းများဖြစ်ပြီး အညွှန့်အနုလေးများကိုသာ ခူးယူစားသုံးရခြင်းဖြစ် ပါသည်။ ယခင်ရက်သတ္တပတ်များတွင် မိုးရွာသွန်းမှုနည်းပြီး ပိုးအနည်းငယ်ကျရောက်၍ အညွှန့် တက်နှုန်းနည်းခြင်း၊ အထွက်နှုန်းနည်းကာ အောင်လံမြို့မှရောက်ရှိလာသည့် ဆူးပုတ်ရွက်များကိုသာ ဝယ်ယူစားသုံးရသည့်အတွက် ဈေးနှုန်းအနည်းငယ်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုတစ်ပတ်တွင် မိုးရွာသွန်းမှုများပြီး အညွှန့်လှိုင်လှိုင်တက်ကာ ပိုးမွှားကျရောက်မှုနည်းပြီး အထွက်နှုန်းပိုများလာ သည့်အတွက် ဆူးပုတ်ရွက်တို့ပေါများကာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိ ရသည်။
DOCA(မကွေး)