Main menu

ထိုင်ခုံခါးပတ်ပြဿနာကြောင့် Chevrolet၊ GMC နှင့် Cadillac SUV ကားပေါင်း၄၈၀၀၀၀ ကျော်ကို GM (General Motors) ကုမ္ပဏီ ပြန်လည်သိမ်းဆည်း

Powered by Drupal

          GM ကုမ္ပဏီမှ အသစ်ထုတ်လုပ်ထားသောသော Suburbans၊ Tahoes နှင့် Escalades အမျိုးအစား မော်တော်ယာဉ်များသည် ၎င်းတို့၏ တတိယတန်းထိုင်ခုံခါးပတ်များကို ပြန်လည်စစ်ဆေးရန်နှင့် အစိတ်အပိုင်းအချို့ အစားထိုးပြုပြင်ရန်လိုအပ်ကြောင်း သိရှိရသည်။

          အဆိုပါနာမည်ကျော်ကြားလူကြိုက်များသည့် ထိုင်ခုံသုံးတန်းပါ SUV ကားအချို့တွင် ၎င်းတို့၏ တတိယတန်းထိုင်ခုံခါးပတ်များသည် ယာဉ်မတော်တဆဖြစ်ပွားပါက တတိယတန်းတွင်စီးနင်းလိုက်ပါသူများကို အကာအကွယ်မပေးနိုင်သောကြောင့် အခမဲ့ပြုပြင်မှု လိုအပ်မည်ဖြစ်ပါသည်။ ပြန်လည်သိမ်းဆည်းမှုတွင် ၂၀၂၁ ခုနှစ်နှင့်၂၀၂၂ ခုနှစ်ထုတ် Cadillac Escalade နှင့် Escalade ESV၊ Chevrolet Tahoe နှင့် Suburban၊ GMC Yukon နှင့် Yukon XL SUV များလည်းပါဝင်သည်။ ၎င်းကားများ၏ တတိယတန်းထိုင်ခုံခါးပတ်များကို စက်ရုံကမှားယွင်းစွာ တပ်ဆင်ထားခြင်းဖြစ်နိုင်ပြီး ခါးပတ်ခေါင်းများ ကွဲထွက်သွားသည့်ပြဿနာရှိနိုင်ကြောင်း သိရသည်။ အဆိုပါထိုင်ခုံခါးပတ်များသည် တတိယတန်းတွင် စီးနင်းလိုက်ပါသူများအား ကောင်းစွာမကာကွယ်နိုင်သည့်အတွက် ဘယ်ဘက်နှင့်ညာဘက် ခါးပတ်နှစ်ခုလုံးကို ပြန်လည်ပြုပြင်ရန်လိုအပ်ပါသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲရေးအေဂျင်စီ (National Highway Traffic Safety Administration-NHTSA)မှ ပေးပို့လာသောအထောက်အထားများအရ ထိုင်ခုံခါးပတ်ခေါင်းများ ကွဲထွက်သွားသည့်ဖြစ်စဉ် ရှစ်ခုရှိခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်များကြောင့် တစုံတရာထိခိုက်ဒဏ်ရရှိမှုမရှိခဲ့ကြောင်း GM ကုမ္ပဏီက ဆိုသည်။

         အဆိုပါမှားယွင်းမှုများအတွက် အစီရင်ခံတင်ပြခဲ့ပြီးနောက်၊ ထိုင်ခုံခါးပတ်ထုတ်လုပ်ရောင်းချပေးသွင်းသူများအနေဖြင့် ၎င်း၏ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ကြပြီး အလားတူဖြစ်စဉ်များ းနောက်ထပ်မဖြစ်စေရေး အစိတ်အပိုင်းအသစ်များကို ပြန်လည်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အရောင်းကိုယ်စားလှယ်များအနေဖြင့် ပြန်လည်သိမ်းဆည်းထားသောမော်တော်ယာဉ်များတွင် ထိုင်ခုံခါးပတ်ကြိုးများတပ်ဆင်မှုများကို ပြန်လည်စစ်ဆေး၍ လိုအပ်ပါကအစိတ်အပိုင်းအသစ်များဖြင့် အခမဲ့လဲလှယ်ပေးမည်ဖြစ်ကြောင်း သိရသည်။

             ပြန်လည်သိမ်းဆည်းမည့် မော်တော်ယာဉ်များမှာ ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့အတွင်းထုတ်လုပ်ခဲ့သည့် Cadillac Escalade SUV ကားများ၊၂၀၂၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့အတွင်း ထုတ်လုပ်ခဲ့သည့် Cadillac Escalade ESV SUV ကားများ၊ ၂၀၂၀ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်အတွင်း ထုတ်လုပ်ခဲ့သည့် Chevrolet Suburban SUV ကားများ၊ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့အတွင်း ထုတ်လုပ်ခဲ့သည့်Chevrolet Tahoe SUV ကားများ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့အတွင်း ထုတ်လုပ်ခဲ့သည့် GMC Yukon SUV ကားများ၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၆ ရက် မှ ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်အတွင်း ထုတ်လုပ်ခဲ့သည့် GMC Yukon XL SUV ကားများဖြစ်ပါသည်။ အဆိုပါမော်တော်ယာဉ်များကို ဝယ်ယူထားသူများအနေဖြင့် GM Recall Center သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။ မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိဝယ်ယူထားသောကားများသည် ပြန်လည်သိမ်းဆည်းရန်စာရင်းတွင် ပါ/မပါ NHTSA Website တွင် ဝင်ရောက်စစ်ဆေးနိုင်ကြောင်းနှင့်  မော်တော်ယာဉ်ထုတ်လုပ်သူများက ယခုကဲ့သို့ recall ပြုလုပ်ခြင်းများကို မကြာခဏဆောင်ရွက်လေ့ရှိကြသောကြောင့် ပုံမှန်စစ်ဆေးသင့်ကြောင်း NHTSA ကအကြံပြုထားပါသည်။

DOCA(စစ်ကိုင်း)