
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူများသည် မိမိတို့၏ အိမ်ခြံဝင်းနှင့် လယ်ယာမြေများတွင် သီးနှံအမျိုးမျိုးအပြင် မုန်လာဥပင်များကို စနစ်တကျ စိုက်ပျိုး လျက်ရှိကြသည်။ ဒေသထွက် မုန်လာဥများကို ကား၊ သုံးဘီးယာဉ်နှင့် ဆိုင်ကယ်များဖြင့် ပုသိမ်မြို့ပေါ်သို့ တင်ပို့ရောင်းချကြပြီး တစ်စည်း (၅) လုံးကို ကျပ် ၁,၅၀၀ မှ ၂,၀၀၀ အထိ ဈေးကွက်တွင် ရောင်းချနေကြောင်း သိရသည်။
ဒေသခံ စိုက်ပျိုးရေးသမားများအဆိုအရ၊ ပုသိမ်နယ်မြေတွင် စိုက်ပျိုးသည့် မုန်လာဥ များသည် အခြားမြို့များမှ တင်ပို့သော မုန်လာဥများထက် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်း သက်သာသည်ဟု ဆိုကြသည်။ ထို့ကြောင့် ဒေသတွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မားကာ ကျေးရွာအချို့အတွက် အဓိက ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာသည်။ ကျေးရွာတစ်ခုမှ စိုက်ပျိုးရေး လုပ်ကိုင်သူ ဒေါ်မြင့်မြင့်ခင် က "မုန်လာဥကို ရာသီမရွေး စိုက်လို့ရတယ်၊ ရေလိုအပ်မှု နည်းပြီး ဈေးကွက်ဝင်တာကြောင့် ကျေးရွာအတော်များများ စိုက်ကြတယ်" ဟု ပြောကြားခဲ့သည်။ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မုန်လာဥစိုက်ပျိုးမှုသည် နှစ်စဉ် တိုးတက်လာပြီး ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေသည်ဟု ဒေသခံများက မျှော်လင့်ထားကြသည်။
DOCA (ဧရာဝတီ)