
ဧရာဝတီတိုင်းဒေသကြီးတွင် ဌက်ပျောသီးစိုက်ပျိုးရောင်းချမှုသည် ဒေသခံများကို ဝင်ငွေ တိုးပွားစေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ဖီးကြမ်း၊ နံသာပုငှက်ပျော၊ ရွှေငှက်ပျော၊ သီးမွှေး ငှက်ပျောအပါအဝင် အခြားငှက်ပျောသီးမျိုးစုံကို စိုက်ပျိုးကြသည်။ ဒေသအလိုက် ဈေးကွက် တောင်းဆိုမှုပေါ်မူတည်၍ ငှက်ပျောအမျိုးအစားများကွဲပြားသော်လည်း ယခုရာသီတွင် ဈေးကောင်း ရရှိလျက်ရှိသည်။
ဧရာဝတီတိုင်းတွင်ရှိသော ငှက်ပျောသီးမျိုးစုံနှင့် ဈေးနှုန်းများ ဖီးကြမ်းငှက်ပျော တစ်ဖီး လျှင် ၄,၀၀၀ ကျပ် ခန့်ဖြစ်ပြီး ပုသိမ်၊ မြောင်းမြ၊ ငပုတောဒေသများတွင် အများဆုံးစိုက်ပျိုးပါသည်။ နံသာပု ငှက်ပျောတစ်ဖီးလျှင် ၃,၅၀၀ ကျပ်ခန့် ဖြစ်ပြီး အနံ့မွှေးပြီး အသီးသေးငယ်သည့်အတွက် မုန့်ပဲသရေစာလုပ်ငန်းများတွင် အသုံးများပါသည်။ ရွှေငှက်ပျောတစ်ဖီးလျှင် ၆၅၀၀ ကျပ်ခန့်ဖြစ်ပြီး အနည်းငယ်ဈေးကြီးသော်လည်း အရည်အသွေးနှင့်အရသာ ကောင်းမွန်မှုကြောင့် ဝယ်ယူသူများပြား ပါသည်။ သီးမွှေးငှက်ပျော တစ်ဖီး ၅,၀၀၀ ကျပ် ခန့်ဖြစ်ပြီး ချိုဆိမ့်သောအရသာကြောင့် ဒေသတွင်းနှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချကြပါသည်။ ဒေသအတွင်း၌ အခြားထင်ရှားသော ငှက်ပျောများဖြစ်သည့် ဆင်ခြေထောက်၊ ကရင်ငှက်ပျော၊ ပုလဲငှက်ပျော တို့ကိုလည်း စိုက်ပျိုးရောင်းချကြသည်။
ငှက်ပျောသီးများကို ဧရာဝတီတိုင်းအတွင်းရှိ စည်ပင်သာယာဈေးများနှင့် ကျေးရွာဈေး များတွင် အဓိကရောင်းချကြပြီး ရန်ကုန်၊ မန္တလေးသို့လည်း တင်ပို့ရောင်းချကြပါသည်။ ငှက်ပျောသီး အစိမ်းများကို ငှက်ပျောကြော်ခြောက်၊ ငှက်ပျောမုန့်စသည့် ဒေသထွက်ကုန်စားစရာများပြုလုပ်ကာ ဒေသတွင်းနှင့် အခြားမြို့များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA (ဧရာဝတီ)