
တောင်သာမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းတွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ကျေးရွာများတွင် ကြက်သွန်နီနှင့် ပြောင်း တို့စိုက်ပျိုးလျက်ရှိရာ မိုးပဲတီစိမ်းသီးနှံကိုလည်း တောင်သူများအနေဖြင့် အားထားစိုက်ပျိုး ကြောင်း သိရှိရသည်။ မိုးဦးပဲတီစိမ်းသီးနှံကို (မေလ) နောက်ဆုံးပတ်တွင် စိုက်ပျိုးထားရှိပြီး (စက်တင်ဘာလ) တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄) လခန့် ကြာမြင့်ကြောင်း သိရှိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးကြိုပဲတီစိမ်း စိုက်ဧက (၆၃၄၄) ဧကစိုက်ပျိုး ထားရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ကာလတူနှိုင်း ယှဉ်ပါ ယခုနှစ်စိုက်ဧကသည် ယခင်နှစ်ထက် ဧက (၅၀) ခန့်ပိုမိုစိုက်ပျိုးထားကြောင်း သိရှိရသည်။ တောင်သူများအနေဖြင့် ရာသီမရွေးစိုက်ပျိုးနိုင်သော ရေဆင်း (၃)ကို စိုက်ပျိုးထားရှိပြီး ထွန် ကြောင်းခံ၍ တစ်ဧကမျိုး ၆ ပြည်ကို ကြဲပတ်စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ခြေတွင် တန်းကြား (၁၈) လက်မ၊ ပင်ကြား (၄) လက်မထား၍ စိုက်ပျိုးကြောင်း၊ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းစေရန် ထယ်ရေးချရကြောင်း၊ အပင်ခြေတွင် အစိုဓာတ်ကောင်းပြီး စိုက်ပျိုးချိန် မှန်ကန်ပါက အထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်း သိရှိရသည်။ ယခင်နှစ်ထွက်နှုန်းမှာ (၇-၈) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းပြီး မိုးရွာသွန်းမှုမှန်ပါက ယခင်နှစ် ထွက်အထွက်နှုန်း ပိုမိုထွက် ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ထွက်ပေါ်ချိန်တွင်ဈေးကောင်းရရှိပါက အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပဲတီစိမ်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိ ရသည်။ ယခု ဇူလိုင်လ စတုတ္ထပတ်တွင် တောင်သာမြို့နယ်၌ ပဲတီစိမ်း တစ်ပိဿာ လျှင် (၅၀၅၀)ကျပ်၊ တစ်တင်းလျှင် (၉၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း၊ ထွက်ရှိသော ပဲတီစိမ်း များကို ဒေသတွင်း စားသုံးရန်နှင့် ပိုလျှံသည်များကို မြင်းခြံမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်ဘုရင့် နောင်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။
DOCA(မန္တလေး)