ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၂)နေ့ နံနက်ပိုင်းတွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါက်တန်းအုပ်စု၊ ပေါက်တန်း ကျေးရွာသို့ သွားရောက်၍ ကျောက်စိမ်းငရုတ်စိုစိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံ၍ ငရုတ်စိုစိုက်ပျိုး ထုတ်လုပ်မှုနှင့် တစ်ဧကကုန်ကျစရိတ်၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ပါသည်။
ထိုသို့ကျောက်စိမ်းငရုတ်စို စိုက်ပျိုးထုတ်လုပ်သူတောင်သူနှင့် တွေ့ဆုံမေးမြန်းရာတွင် ၎င်းမှ ငရုတ်စိုစိုက်ပျိုးရာတွင် တစ်ဧကလျှင် ငရုတ်ပင်ပေါင်း ၁၆၀၀၀ခန့်အထိ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရာ တွင် မျိုးစေ့များကိုကြဲပက်၍ စိုက်ပျိုးကြပါသည်။ ငရုတ်သီးတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၇၅၀၀၀၀) ကျပ်ခန့် ကုန်ကျပါသည်။ ကျောက်စိမ်းငရုတ်သီးစိမ်းကို မိုးတွင်းကာလတွင် စတင် စိုက်ပျိုးပြီး ၃လခွဲမှ ၄လအကြာတွင် အသီးများစတင်ခူးဆွတ်ရပါသည်။ အသီးများခူးဆွတ်ရာတွင် တစ်ပတ်လျှင် တခါခူးဆွက်ရ၍ အထွက်လှိုင်ချိန်တွင် တစ်ခါခူးဆွတ်လျှင် ၁၀/၁၅ ပိဿာခန့် ခူးဆွတ်ရပါသည်။ ငရုတ်သီးစိမ်း စတင်ထွက်ရှိချိန်မှစ၍ အသီးတုံးသည့်အချိန်ထိ ခူးဆွတ်သည့် အကြိမ်မှာ (၁၀)ကြိမ်ခန့် ခူးဆွတ်ရသည်ဟုသိရှိရပါသည်။ ကျောက်စိမ်းငရုတ် အသီးအထွက်နှုန်း ကောင်းလျှင် တစ်ဧက (၁၂၀၀)ပိဿာခန့်ထွက်ရှိပြီး၊ အသီးနှုန်းအသင့်အတင့်ထွက်လျှင် (၆၅၀) ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ကျောက်စိမ်းငရုတ်သီးစိမ်းဈေးမှာ လက်ကားဈေး တစ်ပိဿာလျှင် ၈၀၀၀-၉၀၀၀ကျပ်ခန့်ရှိပြီး၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် ရခိုင်နှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် ငရုတ်သီးစိမ်းဈေးများ မြင့်တက်လာသဖြင့် ငရုတ်စိုစိုက်ပျိုးသူတောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုဖြစ်ထွန်း လာကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)