
ရာသီစာ မန်ကျည်းသီးစိမ်းများ ဈေးကွက်အတွင်း၌ လှိုင်လှိုင်ပေါ်လာပြီဖြစ်ရာ ပေါ်ကာစအ ချိန် မန်ကျည်းသီးစိမ်းဈေးနှုန်းမှာတစ်ဆယ်ကျပ်သားလျှင် ၂၀၀၀/ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ရှိနေခဲ့သော်လည်း ယခုအချိန်မှာတော့ တစ်ဆယ်ကျပ်သားလျှင် ၄၀၀/မှ ၅၀၀/ကျပ် ဈေးသို့ကျဆင်း လာခဲ့ပါသည်။ စားသုံးသူများအနေဖြင့် ရာသီစာသီးနှံလည်းဖြစ်သလို သဘာဝအလျောက် အပင်ကြီးများမှ အသီးသီးလာခြင်းဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လည်းလူတို့ စားသုံးနိုင်ပါသည်။ မန်ကျည်းသီးစိမ်းများကို ကြော်စား၍လည်ကောင်း၊ ထောင်းစား၍ လည်ကောင်း၊ မန်ကျည်းသီးစိမ်းငပိချက်၍လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်၍ စားသုံးနိုင်ပါသည်။ မန်ကျည်းသီးမှည့် ဈေးကွက်အနေဖြင့် အစေ့မပါယခင်နှစ် တစ်ပိဿာလျှင် (၇၀၀၀/)မှ(၈၀၀၀) ကျပ်ဈေးနှုန်းဖြင့် ယခုနှစ်တွင် ၈၀၀၀ကျပ်/မှ ၁၀၀၀၀/ကျပ်ဈေးဖြင့် အတက်အကျမရှိ ဈေးငြိမ်နေပါသည်။
မြန်မာ့ဆေးကျမ်းများအလိုအရမန်ကျည်းသည်ပူ၏ ၊ချဉ်၏၊သည်းခြေကိုဖြစ်စေ၏၊ သလိပ်ကို ပွားစေ၏၊လေကိုနိုင်၏၊အရွက်သည် ရောင်တင်းခြင်း၊သွေးဖောက်ပြန်ခြင်း၊ နားရောဂါ၊ မျက်စိရောဂါ၊ မြွေဆိပ်သင့်ခြင်းတို့ကိုနိုင်၏၊အသီးစိမ်းသည်ချဉ်၏၊ချို၏၊ ပူ၏၊ သလိပ်ကို ဖြစ် စေ၏၊ အနည်းငယ် ဝမ်းသက်စေ၍ သလိပ်နှင့်လေကိုနိုင်၏၊မန်ကျည်းမှည့်ကို ဝမ်းချုပ်တတ်သူများအနေဖြင့် မန်ကျည်းဖျော်ရည်ပြုလုပ်ပြီး သောက်သုံးပေးပါက ဝမ်းသွားခြင်း ပုံမှန်ဖြစ်စေသည်။ နေပူမိပြီး မျက်လုံးများ ကျိန်းအောင့်နာပါက မန်ကျည်းပင်၏အခေါက်ကို သွေး၍မျက်လုံး တစ်ဝိုက်တွင်ကွင်းပြီး လိမ်းပေးခြင်းဖြင့် မျက်စိနာရောဂါကို သက်သာစေပါသည်။
မန်ကျည်းပင်၏အရိပ်သည် အေးမြသောအရိပ်ကိုပေး၏၊ ရွက်နုမှစ၍ ရွက်ကြမ်းဘဝ၊ အသီး၊အပွင့်၊ အခေါက်စသည့် မန်ကျည်းတစ်ပင်လုံးကို လိုသလိုအသုံးပြုနိုင်သောကြောင့် မန်ကျည်းပင်၏ အကျိုး ကျေးဇူးများကား အံ့မခန်းဖွယ်ဖြစ်ပေသည်။
DOCA(ပဲခူး)