
ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် လယ်ကန်သင်းများတွင် သင်္ဘောဇီးဖြူသီးပင်များကို စိုက်ပျိုးထားရှိကြောင်း၊ သင်္ဘောဇီးဖြူသီးအပင်ကို အစေ့ပျိုး၍ စိုက်ပျိုးရကြောင်း၊ သင်္ဘောဇီးဖြူသီး အပင်သည်(၁)နှစ်(၂)ကြိမ် အသီးသီးကြောင်း တောင်သူများသည်သင်္ဘောဇီးဖြူသီးကို အပင်လိုက် အပြတ်ရောင်းချကြောင်း၊ ကုန်စိမ်းသည်များမှ သင်္ဘောဇီးဖြူသီးကို အပင်အကြီး၊ အသေးပေါ်မူတည်၍ ဈေးပေး၍ဝယ်ကြကြောင်း၊ ၎င်းအသီးသည် အသားများသောအသီးဖြစ်၍ အစေ့လည်းပါရှိရာ အစေ့သည်မာကျော၏၊ အသား၏အရသာသည်ချဉ်၍ ခံတွင်းရှင်းသည်။ အများသောအားဖြင့် သင်္ဘောဇီးဖြူသီးကို အချဉ်တည်၍ဖြစ်စေ အသုံးပြုကြကြောင်း၊ သင်္ဘောဇီးဖြူသီးခြောက်၏ဂုဏ်သည် သွေး၊ သည်းခြေနှင့်ဖြစ်သော၊ လေသလိပ်နာကိုလည်းကောင်း၊ လျှာခံတွင်းခြောက်သွေ့သော်လည်းကောင်း၊ ရေငတ်သော်လည်းကောင်း၊ အသံပျက်သော်လည်းကောင်း၊ မျက်စိနာသော်လည်းကောင်း၊ အတွင်းပူသော်လည်းကောင်း၊ သက်သာစေသည်ဟု မြန်မာ့ဆေးကျမ်းများမှ ဖတ်ရူသိရှိရပါသည်။ ဈေးကွက်အတွင်း၌ သင်္ဘောဇီးဖြူသီး (၁)ပြည်လျင် (၁၀၀၀/၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)