
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော ကျေးလက်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ကျေးလက်ဒေသသည် စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုနှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အများစုတို့ တည်ရှိရာလည်း ဖြစ်သည်။မွေးမြူရေးတွင် အသားတိုးကြက်၊ ဥစားကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး၊ နှင့် ငုံး စသည်တို့ကို အဓိက မွေးမြူကြသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာမှ ဦးတင်ဖေသည် ဥစားကြက်မွေးမြူရေးလုပ်ငန်းဖြင့် အောင်မြင်လျက်ရှိသည်။ ဥစားကြက် မွေးမြူခြင်းလုပ်ငန်းကို ၁၉၉၄ ခုနှစ်က စတင်၍ အကောင် ၅၀၀ခန့် စတင်မွေးမြူဆောင်ရွက်ခဲ့သည်။ ယခုအခါ တစ်ခြံအကောင် ၃၀၀၀ဖြင့် စုစုပေါင်း ၁၂၀၀၀ခန့် မွေးမြူထားသည်။ ကြက်အကောင်ပေါက်များကို CP ကုမ္ပဏီမှ ဝယ်ယူရရှိပြီး ကြက်အကောင်ပေါက်(၁)ကောင်လျှင် ၂၅၀၀ကျပ် ဈေးပေးရကြောင်း၊ ဥစတင်ဥရန် (၅)လခန့် အစာကျွေးမွေးမြူရကြောင်း၊ (၅)လကျော်(၆)လပိုင်းအတွင်း မဒန်းဥ စတင်ဥပြီး ကြက်ဥကာလ (၁၈)လ အထိ ဥရရှိကြောင်း သိရသည်။
ကြက်စာအဖြစ် ပဲဖတ်၊ ပဲပုတ် ၊ CPစာ၊ ပြောင်း၊ ငါးခြောက်မှုန့်၊ ထုံးကျောက်၊ ခရုမှုန့် ၊ဖွဲနုတို့ အချိုးကျ ရောစပ်ကျွေးရပြီး ဥစားကြက်၏ ကုန်ကျစရိတ် (၇၀)ရာခိုင်နှုန်းသည် ကြက်စာဖြစ်သည့် အတွက် ကုန်ကြမ်းများဝယ်ယူကာ မိမိအိမ်တွင် အစာကြိတ်ရောစပ်ဆောင်ရွက်ကြောင်း သိရသည်။ ယခုအခါ ကြက်အကောင်၁၂၀၀၀ခန့်တွင် အကောင်ရေ (၆၀၀၀)ခန့် ဥနေသည့်အတွက် တစ်နေ့ ဥအလုံး (၆၀၀၀)နီးပါး ရရှိနေသည်။ ရရှိလာသည့် ဥများကို ဥကြီး၊ဥလတ်၊ ဥသေးဟူ၍ (၃)စားခွဲကာ ဈေးကွက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ မဟင်ကျေးရွာ ကြက်ခြံသို့ လာရောက်ဝယ်ယူသည့် ဖောက်သည်များကိုလည်း ရောင်းချပေးနေသည်။ထို့ပြင် တောင်ငူမြို့ပေါ်ရှိ ငါးသုံးလုံး ကြက်ဥပွဲရုံ သို့လည်း ရောင်းချပါသည်။ ကြက်စာဈေးနှုန်းပေါ် မူတည်၍ ကြက်ဥ အကြီး တစ်လုံးလျှင် ၄၈၀ကျပ်၊ အလတ်တစ်လုံးလျှင်၄၅၀ကျပ်နှင့် အသေးတစ်လုံးလျှင်၃၅၀ကျပ်ဖြင့် ရောင်းချပေးနေသည်
မွေးမြူထားသည့် အကောင်ရေ (၈၀) ရာခိုင်နှုန်းအထက် ဥရရှိနေပါက အကျိုးအမြတ် ရရှိပါသည်။ ဝန်ထမ်းခန့်ထားခြင်း မရှိပဲ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မွေးမြူရေးကဏ္ဍအတွက် နိုင်ငံတော်မှ ချေးငွေများအတိုးနှုန်း သက်သာစွာဖြင့် ချေးပေးသည့်အတွက် များစွာအထောက်အကူပြုသည်။ဥတုံးသွားသည့်ကြက်များ အသားဈေးနှုန်းဖြင့် ရောင်းချသည်။ မွေးမြူရေးအခြေခံ စားသောက်ကုန်များ ထုတ်လုပ်ရောင်းချခြင်းသည် လူဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ ရေရှည်တွင် အလားအလာကောင်းများ ရှိနေခြင်းကြောင့် တိုးချဲ့ မွေးမြူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)