
ဗူးသီးပင်သည် နွယ်ပင်မျိုးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အပူပိုင်းနှင့် သမပိုင်းရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်းသောဟင်းသီးဟင်းရွက် အပင်ဖြစ်ပြီး အိမ်တိုင်းနီးပါးစိုက်ပျိုးလေ့ရှိကြောင်း သိရှိရသည်။ ဗူးပင်များကို မြင်းခြံဒေသအတွင်းရှိ လယ်သစ်ရွာ၊ ဘောလုံးကျေးရွာ၊ လှိုင်းတက် ကျေးရွာနှင့် ရွာစည်ရွာတို့တွင် စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးချိန်မှာ မေလမှ ဇူလိုင်လအထိစိုက်ပျိုးကြပြီး၊ ထွက်ပေါ်ချိန်မှာ စက်တင်ဘာလမှ ဒီဇင်ဘာလအထိဖြစ်ပြီး၊ စိုက်ပျိုးချိန်မှ ရက်ပေါင်း (၄၅-၇၀) ရက်အတွင်း ဆွတ်ခူးနိုင်ကြောင်း၊ တစ်နှစ်ပတ်လုံး စီးပွားဖြစ်စိုက်ပျိုးနိုင်သော စားဖိုဆောင် သီးနှံဖြစ်ကြောင်း သိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာ ဈေးတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာပထမပတ်၌ ရောင်းချနေသော ဗူးသီးတစ်လုံးလျှင် (၁၅၀၀-၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများရှိကြောင်း၊ အသီးလတ်ဆတ်မှုနှင့် အရွယ်အစားအကြီး၊ အသေး ပေါ်တွင်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ စားသုံးမှုများ၍ ဈေးကွက်တွင် ရောင်းအားကောင်းကြောင်း၊ ဒေသတွင်းအကြော်စုံ ရောင်းချသူများကလည်း ဝယ်ယူသုံးစွဲကြောင်း၊ တောင်သာ မြို့သို့လည်း တင်ပို့ရောင်းချရကြောင်း၊ ကုန်စိမ်းရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ဗူးပင်သည် စိုက်ပျိုးရလွယ်ကူပြီး အာဟာရဓာတ် ကြွယ်ဝသော အသီးအနှံဖြစ်သောကြောင့် နေ့စဉ်စား သင့်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)