
မိတ္ထီလာမြို့ ဗဟိုဈေးအတွင်းရောင်းချနေသော မုန့်များအနက် ဗမာမုန့်တစ်မျိုးဖြစ်သည့် ထန်းသီးမုန့်၊ မုန့်ကျွဲသည်းတို့မှာလည်း တစ်ခုအပါအဝင်ဖြစ်သည်ကိုတွေ့ရပါသည်။ ဆန်ကြမ်းကို ထန်းရည်ချို၊ ထန်းလျက်တို့ဖြင့် ပြုလုပ်ထားသော ထန်းသီးမုန့်မှာ အပေါ်ယံ မျက်နှာပြင်တွင် အုန်းသီးစိတ်အပြားလေးများနှင့် နှမ်းစေ့တို့ကိုဖြူး၍ ပြုလုပ်ထားပြီး မုန့်ကျွဲသည်းမှာတုံတုံအိအိဖြင့် စားသုံးရာတွင် အလွန်နူးညံ့သောမုန့်ဖြစ်ပါသည်။ ထန်းသီးမုန့်၊ မုန့်ကျွဲသည်းများအပြင် ယခုအခါ သာကူ စေ့ကိုကြို၍ မုန့်ကျွဲသည်းကဲ့သို့ ပြင်ပြုလုပ်ကာ ဓါးဖြင့်အတုံးလေးများတုံး၍ ရောင်းချလာသည် ကိုတွေ့ရပြီး သာကူမုန့်ကျွဲသည်းမှာ ပိုမို၍ စေးကပ်မှုရှိပြီး စားသုံးသူများ၏ ကြိုက်နှစ်သက်မှု အပေါ်မူတည်၍ ရောင်းချရကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်သို့ မလှိုင်မြို့နယ်ရှိ ပန်းအိုင် ကံဦး၊ မြစ်ကျဉ်းကျေးရွာများမှ လာရောက်ရောင်းချကြရာ တစ်ပိဿာ (၈၀၀၀) ဈေးရှိကြောင်း သိရသည်။
DOCA (မန္တလေး)