
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မကျီးခွကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အပြင် မွေးမြူရေးထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် နွားနို့၊ နွားနို့ခဲတို့ကိုလည်း တစ်ပိုင်တစ်နိုင် ထုတ်လုပ် ရောင်းချကြပါသည်။ တစ်ပိုင်တစ်နိုင်မွေးမြူထားသည့် နွားမများကရရှိသောနွားနို့ကို နွားနို့ အရည် တိုင်း 1 (Liter) ဆန့် ရေသန့်ဗူးများနှင့်ထည့်၍ ဈေးကွက်သို့ တင်ပို့ရောင်းချမှုအပြင် နွားနို့ကိုခဲ၍ နွားနို့ခဲကိုလည်း ပြုလုပ်ရောင်းချကြပါသည်။ နွားနို့အရည် 1 (Litre) ကိုခဲလျှင် နွားနို့ခဲ (၁၀)ကျပ် သားခန့်ရရှိပြီး နွားနို့ခဲပြုလုပ်ရာ၌ ရိုးရာဓလေ့အတိုင်း ပြုလုပ်ရာ ဓါတုဗေဒနည်းဖြင့်ပြုလုပ်ခြင်း မဟုတ်သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်မှုရှိပါသည်။ နွားနို့ခဲပြုလုပ်ပုံမှာ ဒေသတွင်း အလေ့ကျ ပေါက် ရောက်သည့် မရိုးစေးပင်ကိုအဓိကထား အသုံးပြုရာ ဦးစွာနွားနို့ကျိုချက်မည့် အိုးကိုမရိုးစေးဖြင့် သုတ်လိမ်းပြီး နွားနို့ကိုမရိုးစေးရွက်ဖြင့် ရောကာအိုးအတွင်း ထည့်ကျိုချက်ကာ မရိုးစေးပင်အရိုးဖြင့် ပြစ်လာ သည်အထိ အဆက်မပြတ်မွှေပေးရပါသည်။ ၎င်းနောက် နွားနို့ရည်ပြစ်ခဲလာသည့်အခါ ခွက်ဖြင့်ထည့်၍ အအေးခံပြီးပါက နွားနို့ခဲရရှိပါသည်။ ဒေသတွင်းတစ်ပိုင်တစ်နိုင်အနေဖြင့် ထုတ်လုပ်သော နွားနို့ရည်၊ နွားနို့ခဲကို သာစည်၊ မိတ္ထီလာမြို့ပေါ်ရှိ ဈေးများသို့ သွားရောက်ရောင်းချကြရာ နွားနို့ 1(Litre) တစ်ဗူးလျှင် (၂၅၀၀)ကျပ်၊ နွားနို့ခဲ (၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရသည်။
DOCA (မန္တလေး)