
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ မြင်ကဝ၊ အောက်ဆိပ်၊ ချင်တောင်၊ ကူရှည်၊ ရွာမ၊ အလယ်စု၊ တပေါင်း၊ လိပ်ခြံ၊ ကုန်းရွာ၊ ကျောင်းရွာ၊ ညောင်နီချောင်းကျေးရွာ များနှင့် အခြားကျေးရွာများတွင် (မိုး)စပါးများ စိုက်ပျိုးလျက်ရှိရာ ဆင်းသုခနှင့်ဧရာပဒေသာစပါးမျိုးကို အဓိကထားစိုက်ပျိုးကြပြီး ဧရာမင်း၊ ရတနာတိုး စသည့် စပါးမျိုးများ စိုက်ပျိုးပြီး စိုက်ဧက အနေဖြင့် (၁၀၀၀၀)ခန့် စိုက်ပျိုးကြောင်း သိရှိရသည်။
(မိုး)စပါးများကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)မှ စတင်စိုက်ပျိုးကြပြီး ရက်ပေါင်း (၁၂၀) အကြာတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းနှင့် ပျိုးထောင်ပြီး ပျိုးပင်စိုက်ခြင်း နည်းလမ်းနှစ်မျိုးဖြင့် စိုက်ပျိုးရပြီး ပျိုးထောင်စိုက်ပျိုးပါက စပါးမျိုး တစ်တင်းခွဲခန့် ကုန်ကျပြီး တိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးပါက တစ်တင်းခန့် ကုန်ကျကြောင်း၊ မိမိဒေသထွက် စပါးမျိုးကို စိုက်ပျိုးပြီး တစ်တင်းလျှင် ငွေကျပ်(၃၀၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် တစ်ဧက ငွေကျပ်(၁၀)သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ် တစ်ဧက လျှင် အထွက်တင်း(၈၀-၉၀)တင်းထိ ထွက်ရှိပြီး တစ်တင်းလျှင် ငွေကျပ်(၃၀၀၀၀)ဈေးဖြင့် ရောင်းချ ရကြောင်း၊ ဈေးကွက်အနေဖြင့် ဆိပ်ဖြူ မြို့နယ်တွင်းရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ ဝယ်ယူ ကြောင်း၊ ယခုနှစ်တွင်လည်း အထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ပိုမိုရရှိ နိုင်ကြောင်း စပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)