
သာစည်မြို့ရှိမြို့မဈေးသည် သာစည်မြို့၊အမှတ်(၄)ရပ်ကွက်တွင်ရှိပြီး နေ့စဉ် ဈေးသည်၊ ဈေးဝယ်များနှင့် စည်ကားလျက်ရှိပါသည်။ မြို့မဈေးတွင် အသားငါး၊ ဟင်းသီးဟင်းရွက်၊ ဘုရားပန်းစသည့် လက်လီဈေးသည်များမှာ ဈေးဝယ်များနှင့် နေ့စဉ်အရောင်းသွက်သည်ကို တွေ့ရသည်။
ယခုစက်တင်ဘာလဆန်းတွင်မြို့မဈေးရှိ ဘုရားပန်းဈေးသည်များအနေဖြင့် ဘုရားပန်းတင်ပို့ရာ မြို့ရွာများတွင် မိုးများ၍စိုက်ခင်းများရေဝင်ရာ ပန်းများပျက်စီးသဖြင့် ပန်းဈေးအနည်းငယ် တက်လျက်ရှိကြောင်း သိရှိရပါသည်။ ပန်းတိမ်မနိုင်၊ ကျောက်ဆည်သပြေငုတ်၊ ဂန္ဓမာ(အဖြူ/အဝါ/ပန်း/ခရမ်း) ပိုက်စွပ်နှင်းဆီပန်း၊ ရေမွှေးပန်းများ ရောင်းချနေတာကို တွေ့ရပါသည်။ ဈေးနှုန်းများအနေနဲ့ ပန်းတိမ်မနိုင်(၁၀ခက်စီး)တစ်စီး (၃၀၀၀)ကျပ်၊ဂန္ဓမာ(အဖြူပွင့်အကြီး)တစ်စီး (၆၀၀၀)ကျပ်၊ အဝါပွင့်ကြီးတစ်စီး (၅၀၀၀)၊ ပန်းခရမ်းရောင်အပွင့်သေးတစ်စီး(၄၀၀၀)၊ ကျောက်ဆည်သပြေငုတ်(သေး)ငါးငုတ်ပါ တစ်စီး (၂၀၀၀) ကျပ် သစ္စာပန်းအဖြူ (၅)ခက်စီးတစ်စီး (၄၀၀၀)ကျပ်၊ ပိုက်စွပ်နှင်းဆီ ရောင်စုံ (၁၀)ပွင့်စီး (၁)စီးလျှင် (၃၀၀၀-၃၅၀၀)ကျပ်၊ ရေမွှေးပန်း(၁၀)ခက်ပါ (၁)စီးလျှင် (၇၀၀)ကျပ်၊ အရောင်းအဝယ်ဖြစ်နေပြီး ဩဂုတ်လဆန်းနှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ်မြင့်တက်နေကြောင်း သိရသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးအနေနှင့် နေအိမ်၊ ဘုန်းကြီးကျောင်းမှာရှိတဲ့ ဘုရားပန်းကိုမညှိုးအောင် ကပ်လှူကြတဲ့အတွက် ဘုရားပန်းဈေးကွက်ကတော့ ရာသီမရွေးအရောင်းသွက်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)