
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ငပုတောမြို့နယ်မှ နေလှန်းဆားထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးမြတ်၏ ပြောဆိုချက်အရ သိရသည်။
ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများ ယခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး လက်ရှိအချိန်ထိ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။ "ဒေသထွက် နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ရန်ကုန်ဈေးကွက်က ပိဿာ အများအပြားကို ဝယ်ယူနေတာပါ။ လတ်တလောအနေနဲ့ တစ်ရက်ကို နေလှန်းဆားပိဿာ ၂၅၀၀ ကနေ ၅၅၀၀ အထိ အရောင်းအဝယ်ကောင်းနေပါတယ်။ အခုလိုဆားအရောင်းအဝယ် ကောင်းလာ တော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိပြီး အဆင်ပြေ လာပါတယ်''ဟု ဒေါ်အေးမြတ်ကပြောသည်။
ငပုတောမြို့နယ်၌ ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်း လုပ်ကိုင်သူများက စနစ်တကျ ထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့်လုပ်ငန်းများတွင် အဓိကအသုံးပြုကြ ကြောင်း ၊ နေလှန်းဆားများ အရောင်းအဝယ် ကောင်းမွန်နေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုရှိလာသဖြင့် ဒေသဈေးကွက်အတွင်း ဈေးနှုန်းများ တည်ငြိမ်စေမည်ဖြစ်ပြီး ဆားလုပ်ငန်း လုပ်ကိုင်သူများနှင့် ဆက်စပ်သူများ၏ သက်သာချောင်ချိရေးကို အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သိရသည်။
DOCA (ဧရာဝတီ)