
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် ပန်းဂေါ်ဖီဈေးနှုန်းများ သိသိသာသာ ကျဆင်းလျက်ရှိပါသည်။ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးကြီးများသို့ ဟင်းသီးဟင်းရွက်များကို မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများအပြင် ဟင်္သာတမြို့၊ မြောင်းမြမြို့၊ ကျောင်းကုန်းမြို့နှင့် ရန်ကုန်တိုင်းဒေသကြီးမှပါ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (အကြီး၊ အသေး) အလိုက် ကျပ်(၂,၀၀၀)မှ (၂,၅၀၀)အထိ၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁,၅၀၀)မှ (၂,၀၀၀)အထိ ရောင်းချလျက်ရှိပြီး ယခင်ဇူလိုင်လ (တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် ကျပ်(၃,၀၀၀)မှ (၃,၅၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂,၅၀၀)မှ (၃,၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းဂေါ်ဖီ ကျပ်(၁,၀၀၀)မှ (၁,၅၀၀)ခန့် ဈေးနှုန်းလျော့ကျခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများ၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များကို ဟင်္သာတမြို့နှင့် ကျောင်းကုန်းမြို့တို့မှ အဓိကမှာယူရောင်းချပြီး ယခုအချိန်တွင် ပန်းဂေါ်ဖီစိုက်ပျိုးရာဒေသများတွင် စတင်ထွက်ပေါ်လာသည့်အတွက် ဈေးနှုန်းများ လျော့ကျရခြင်းဖြစ်ကြောင်း ဒေသခံ ဟင်းသီးဟင်းရွက်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ပန်းဂေါ်ဖီသည် အာဟာရ ဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ကြော်၍စားသုံးခြင်း၊ သနပ် (သို့မဟုတ်) ကလယ်ဒယ်များ ပြုလုပ် လေ့ရှိကြောင်း သိရှိရသည်။
DOCA (ဧရာဝတီ)