
မိုးနှောင်းရာသီကာလများတွင် ရာသီစာဖြစ်သော အညာမှိုဟင်းလေး တစ်ခွက်ကို လူတိုင်းနီးပါး စားဖူးကြမည်ထင်ပါသည်။ အညာမှိုဟင်းဟုခေါ်သော်လည်း သူ၏အဖူးလေးသည် ကြာဖူးကလေးနှင့် တူသည်။ ထို့ကြောင့် အညာတွင်သူ့ကို ပဒုမ္မာဖူးဟုလည်းခေါ်သည်။ တဇောင်းဖူး၊ရွှေကြာဖူးဟူ၍လည်း ခေါ်ကြပြန်သည်။ သူသည် အိမ်၏အန္တရာယ်ကိုလည်း ကာကွယ်ပေးသည့် ဒေသပေါက်ပင်ဖြစ်သဖြင့် ခြံစည်းရိုးပင်ဟုလည်းခေါ်ကြပြန်သည်။
ပင်စည်ထိပ်တွင်ပွင့်လန်းသည့် အထွတ်အထိပ်ပန်းဖြစ်သကဲ့သို့ ဓါးထက်ထက်ကဲ့သို့သော အစွမ်းကို ပိုင်ဆိုင်ထားပြန်သည်။ ထိုအစွမ်းဖြင့် ဆီးချိုရောဂါနှင့် နှလုံးရောဂါကိုလည်း ကာကွယ် ပေးသည်သာမက သွေးတိုးရောဂါကိုလည်းကာကွယ်ပေးနိုင်သည်။ အပွင့်ကိုပြုတ်ထားသည့် အရည်ကို သောက်သုံးပေးခြင်းဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းမှ ရောဂါပိုးများကို ဖယ်ရှားရှင်းလင်းနိုင်ပြီး ဆီးချိုသွေးချိုရောဂါကို ပျောက်ကင်းသက်သာစေနိုင်ကြောင်းသိရှိရသည်။
မြင်းခြံမြို့၊ အေးမြသီတာစျေးရှိ စျေးဗန်းထဲတွင် ဖူးငုံစီရီနေသော ထိုကန္တာရနတ်ပန်းပင် လေးများ ၏ အဖူးအငုံလေးများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချလျက်ရှိကြောင်း တွေ့မြင်ရသည်။ နေပူစပ်ခါး တွင် ဆူးစူးခံကာခူးယူကြရကြောင်း ရောင်းချသူစျေးသည်တစ်ဦးကဆိုသည်။ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်စျေးဖြင့်ရောင်းချကြောင်း ခူးယူရောင်းချသူ အိုင်းမကျေးရွာမှဒေသခံစျေးသည် တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
DOCA(မန္တလေး)