Main menu

မကွေးတိုင်းဒေသကြီးမှ (G.A.P) နှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချဈေးကောင်းရ

Powered by Drupal

 ‌      မကွေးတိုင်းဒေသကြီးမှ နှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချရာ ရန်ကုန်၊ မန္တလေးတို့မှ ပို့ကုန်သမားများ လာရောက်ဝယ်ယူကြ၍ G.A.P နှမ်းစိုက်တောင်သူများ ဈေးကောင်းရရှိကြကြောင်း သိရသည်။

     မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် တောင်သူအစုအဖွဲ့များ ပူးပေါင်းဆောင်ရွက်သော နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို (၁၅.၈.၂၀၂၂)ရက်နေ့မှ (၃၀.၉.၂၀၂၂) ရက်နေ့အထိ ရောင်းချရာ နှမ်းမျိုးစုံတန်ချိန်(၁၂၆၈)ကျော် စုပေါင်းရောင်းချပါကြောင်း၊ ထိုသို့ နှမ်းသီးနှံစုပေါင်းရောင်းချပွဲသို့ ရန်ကုန်၊ မန္တလေးတို့မှ နှမ်းပို့ကုန်သမားများ လာရောက်ဝယ်ယူပါကြောင်း၊ G.A.P  စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သောနှမ်းမျိုးများမှာ ဈေးအနည်းငယ်ပိုမိုရရှိကြောင်း၊ ဆက်လက်ပြီး G.A.P နှမ်းသီးနှံ ကိုလည်း ပိုမိုစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ လက်ရှိနှမ်းနက်ဈေးမှာ တစ်တင်းလျှင်ကျပ်(၉၆၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင်ကျပ်(၉၆၀၀၀)ဈေးရှိပါကြောင်း၊ နှမ်းစတင်ရောင်းချချိန်တွင် နှမ်းနက်တစ် တင်းလျှင်ကျပ်(၉၀၀၀၀)ကျော်သာရောင်းချရပြီး ဩဂုတ်လ(၂၅)ရက်နေ့တွင် ဈေးစတင်တက်လာ ၍ စက်တင်ဘာလ(၃၀)ရက်နေ့တွင် သုံးတင်းတစ်အိတ်လျှင် ကျပ်(၃၄၈၀၀၀)ထိ ဈေးကောင်းရရှိ ပါကြောင်း၊ မန္တလေးပွဲရုံဈေးကွက်နှင့်ယှဉ်လျှင် ဈေးကောင်းရရှိပါကြောင်း၊ မကွေးတိုင်းတောင်သူ
ဖွံ့ဖြိုးရေးအဖွဲ့အနေဖြင့် ရန်ကုန်၊ မန္တလေး ပို့ကုန်သမား(၅)ဦးအား ဖိတ်ခေါ်ပြီး စုပေါင်းရောင်းချပါ ကြောင်း၊ နောက်စုပေါင်းရောင်းချပွဲများတွင် နှမ်းသီးနှံအပြင် မြေပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ စားတော်ပဲတို့ တိုးချဲ့ရောင်းချသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိပေါက်ဈေးမှာ ပုံမှန်အထွက်နှုန်းရှိသူတွေအနေဖြင့် စိုက်ပျိုးကုန်ကျစရိတ်၏ ထက်ဝက်ကျော်အကျိုးအမြတ်ရရှိပါကြောင်း မကွေးတိုင်းဒေသကြီးတောင် သူဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဌ ဦးဟန်ညွန့်၏ပြောကြားချက်အရ သိရသည်။

     နှမ်းသီးနှံစုပေါင်းရောင်းချပွဲကို G.A.P တောင်သူဦးရေ(၃၃၅၀)ကျော်နှင့် အခြားတောင်သူ ဦးရေ(၃၅၀၀)ကျော် စုစုပေါင်း တောင်သူဦးရေ(၇၀၀၀)ကျော်မှ နှမ်းတန်ချိန်(၁၂၆၈)ကျော် စုပေါင်း ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)