လူသားတိုင်းသည် လူမှုဘဝနေထိုင်ရာတွင် အသက်ရှည်ရှည်နှင့်ကျန်းမာစွာ နေထိုင်နိုင်ဖို့ အတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန် နေထိုင်စားသောက်ပုံမှာ အလွန်အရေးကြီးလှပါသည်။ လူသား တိုင်းတွင် စားရေး၊ ဝတ်ရေး၊ နေထိုင်ရေးဟူ၍ ကဏ္ဍကြီး(၃)ခုရှိပါသည်။ မိမိအသက်ရှင် ကျန်းမာဖို့ အတွက် စားသောက်ရေးသည် အဓိကကဏ္ဍဖြင့် ပါဝင်လျက်ရှိသည်။ နေ့စဉ်မိုးလင်းမှ မိုးချုပ် ဝယ်ယူစားသောက်သုံးစွဲကြသည် အစာလည်းဆေး ၊ ဆေးလည်းအစာ ဆိုသည့်အတိုင်း နေ့စဉ်ဝယ်ယူစားသောက်သော ပစ္စည်းများသည် မိမိတို့အတွက် ဘေးဥပဒ်ကင်းစေပြီး ခွန်အား ဖြစ်စေသော အစားအစာကို ရွေးချယ်ဝယ်ယူစားသုံးတတ်ဖို့ လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်၍ လူဦးရေမှာလည်း ပိုမိုများပြားလာသည်နှင့်အညီ စားသောက်ကုန်ပစ္စည်းများမှာလည်း စားချင်စဖွယ် ခေတ်မီဆန်းသစ်သော (Ready Made) အသင့်စား စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ တရားဝင်/မဝင် နည်းလမ်း မျိုးစုံဖြင့် ဝင်ရောက်လျက်ရှိသလို ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း စီးပွားရေး ကျင့်ဝတ်နှင့်မညီဘဲ အမြတ်ရရှိရေးကိုသာ ဦးတည်၍ အရည်အသွေးမပြည့်မီသော စားသောက်ကုန် ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ စားသုံးသူများအနေဖြင့် မည်သည့် စားသောက်ကုန်ပဲဖြစ်ဖြစ်၊ လူသုံးကုန်ပစ္စည်းပဲဖြစ်ဖြစ် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှု ရှိသော ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခွင့်ရဖို့အရေးသည် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံဖြစ်သည့် မိမိတို့ နိုင်ငံအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သည်။
ယနေ့ခေတ်သည် တိုးတက်မှုမြန်ဆန်သော ခေတ်ကြီးဖြစ်သည်နှင့်အညီ မနေ့ကထက်ယနေ့၊ ယနေ့ထက်မနက်ဖြန်သည် ပိုမိုတိုးတက်လာမှာဖြစ်ပါသည်။ ခေတ်မီတိုးတက်ပြောင်းလဲမှုနှင့်အတူ ကုန်ပစ္စည်းများ အတုအပ ပြုလုပ်ရာမှာလည်း တိုးတက်ပြောင်းလဲလာပါသည်။ ယခုအခါ အသင့် အသုံးပြုနိုင်သည့် ကုန်ပစ္စည်းများ ကမ္ဘာနှင့်အဝန်း စားသုံးသူတိုင်း စိတ်ဝင်စားကြသည်။ အထူးသဖြင့် စားသောက်ကုန်ပစ္စည်းများမှာ အချိန်ကုန်သက်သာစေပြီး ဝယ်ယူသုံးစွဲရာတွင်လည်း ငွေကြေးကုန်ကျမှု သက်သာစေသော အသင့်စား(Ready Made)အစားအသောက်များကို သုံးစွဲမှုများလာကြသည်။ အကျိုး သက်ရောက်မှုအနေဖြင့် စားသုံးသူများတွင် ရောဂါမျိုးစုံအဖြစ်များလာပြီး အသက်ဆုံးရှုံးမှုများလည်း ပိုမိုများလာကြောင်း သိရှိရပါသည်။
စားသုံးသူကာကွယ်ရေးသည် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူမှုဘဝနှင့်စီးပွားရေးဝန်းကျင် စဉ်ဆက်မပြတ်တိုးတက်စေရန်အတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စားသုံးသူ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဖြူးရန် အရည်အသွေးပြည့်မီသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးကို နိုင်ငံအတွင်း ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်စေရန် အတွက် စားသုံးသူရေးရာဦးစီးဌာနကို (၂၀၁၆)ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ဦးစီးဌာနအား ဌာနခွဲ(၆)ခုဖြင့် ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီးပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ တို့တွင်လည်း ဖွဲ့စည်းထားပါသည်။ စားသုံးသူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်၍(၂၀၁၄)ခုနှစ်၊မတ်လ(၁၄)ရက်နေ့တွင်ပြည်ထောင်စုလွှတ်တော်အမှတ်(၁၀)ဖြင့်စားသုံးသူ အကာအကွယ်ပေးရေးဥပဒေကိုပထမအကြိမ်ပြဌာန်းခဲ့သည်။စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို(၂၀၁၆)ခုနှစ်၊ ဧပြီ(၁)ရက်တွင်တိုင်း/ ခရိုင်ပြည်နယ်အသီးသီးတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ပြဌာန်းခဲ့သည့်ဥပဒေအရ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားနည်းချက်များရှိခဲ့သည့်အတွက် ပိုမိုကောင်းမွန်ထိရောက်သော ဥပဒေတစ်ရပ် ဖြစ်စေရန် ရည်ရွယ်၍(၂၀၁၉)ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အမှတ်(၉)ဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ပါသည်။ယင်းဥပဒေနှင့်အညီ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၅၉/၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီများကို ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၉)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော ကုန်စည်များကို ဝယ်ယူစားသောက်နိုင်စေရန်နှင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အန္တရာယ်ကင်းသော စားသောက်ကုန် များကိုသာ ပြည်သူများဝယ်ယူစားသုံးကြရန် မိတ်ဖက်ဌာနများဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။ စားသုံးသူအခွင့်အရေးနှင့် အကာအကွယ် ပေးရေးလုပ်ငန်းများ၏ မျှော်မှန်းချက်မှာ စားသုံးသူများ လိမ်လည်လှည့်ဖြားမှု မခံရစေရေး စားသုံးသူ အခွင့်အရေးကို စားသုံးသူများ သိရှိနားလည်စေရေး ထိရောက်သော အကာအကွယ်ပေးနိုင်မည့် စနစ် တစ်ခုဖော်ဆောင်၍ စားသုံးသူများအား အကာအကွယ်ပေးရေး ကျင့်ဝတ်သိက္ခာကို တန်ဖိုးထား တတ်သော တာဝန်သိ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေရန် အရည်အသွေးမြင့်မားသော ကုန်စည် နှင့်ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးခြင်းဖြင့် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှု အပြည့်အဝ ရရှိစေရန် စားသုံးသူကာကွယ်ရေး လုပ်ငန်းအစီအမံများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်မြင့်မားသော နိုင်ငံသားများဖြစ်လာစေရန်တို့ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များမှ စားသောက်ကုန်များကိုကြာရှည်စွာ ထိန်းသိမ်းထားနိုင်ရန်အတွက် လည်းကောင်း၊ အရောင်လှစေရန်အတွက်သော်လည်းကောင်း၊ ဓါတုဗေဒဆေးများကို အသုံးပြုလာကြ ပါသည်။ အသီးအနှံများတွင်လည်း ဤနည်းများအတိုင်း အသုံးပြုကြသည့်အပြင် စိုက်ပျိုးစဉ်က အသုံးပြုခဲ့သော ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး အမျိုးမျိုးတို့ကို စိုက်တောင်သူများမှ လိုအပ်သည်ထက် ပိုမိုသုံးစွဲ၍ ဓါတ်ကြွင်းအဖြစ် ကျန်ရှိနေကြပါသည်။ စားသုံးသူများအတွက် ဘေးဥပဒ်အန္တရာယ်များစွာ ရရှိစေပါသည်။ စားသုံးသူပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးဥပဒ်အန္တရာယ် ကင်းရှင်းစေရေးအတွက် စားသုံးသူ၏ အသက်နှင့်စည်းစိမ်ကို ကာကွယ်ပေးသည့် စားသုံးသူကာကွယ်ရေး လုပ်ငန်းသည် မိမိနိုင်ငံအတွက် အရေးပါသောအခန်း ကဏ္ဍတစ်ခုဖြစ်ပါသည်။ ယခုခေတ်တွင် နိုင်ငံတိုင်းလိုလိုသည် နိုင်ငံတွင်းရှိ စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးစည်းမျဉ်းဖြင့် ဝန်းရံကာကွယ် ထားကြ သည်။ မြန်မာနိုင်ငံတွင်လည်း ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူများမှ လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်အသိပညာပေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတဝန်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်၊အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဈေးများ၊ မြို့ပြရပ်ကွက်များ၊ ဌာနဆိုင်ရာများ၊ အကျဉ်းဦးစီးဌာန၊ ကျေးလက်ဒေသများတွင် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးအတွက် စစ်ဆေးရေးအရာရှိမှ တစ်ဦးတည်းသော် လည်းကောင်း၊ မိတ်ဖက်ဌာနအဖွဲ့အစည်းဖြင့် ပူးပေါင်း၍သော်လည်းကောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ အရည်အသွေးပြည့်မီသောကုန်စည်များ ထုတ်လုပ်နိုင်ရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များအား တွေ့ဆုံအသိပညာပေးခြင်း၊ စားသုံးသူများ ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာမှ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်က တိုင်ကြားနိုင်ပြီး တိုင်ကြားမှုကို စေ့စပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခြင်း၊ ပြည်တွင်းကုန်သွယ်မှု ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခြင်းနှင့် ဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှုများ ပြည်တွင်းဈေးကွက်သတင်းများ၊ ကုန်စည်စီးဆင်းမှု အခြေအနေနှင့် စားဖိုဆောင် သီးနှံဈေးနှုန်းဈေးကွက်သတင်းများအား (DOCA) Website နှင့် Commerce Journal တွင် သတင်း ရေးသားဖြန့်ဝေကာ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
စားသုံးရန်မသင့်သည့်အစားအသောက်များ ကုန်ပစ္စည်းများ၏ အန္တရာယ်ပေးနိုင်မှု စားသုံးသူ များကို အန္တရာယ်ဖြစ်စေနိုင်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေသည့် စားသောက်ကုန်၊ လူသုံး ကုန်ပစ္စည်းများမှ စားသုံးသူပြည်သူများအား အန္တရာယ်ပေးနိုင်မှုများ မဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ ဗဟုသုတရရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေဖို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို နေပူမိုးရွာမရှောင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အင်တိုက်အားတိုက် အသိပညာပေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦး တစ်ယောက်/ အဖွဲ့အစည်းတစ်ခုတည်းဖြင့် လုပ်ဆောင်၍မရပါ။ စားသုံးသူပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်မှသာလျှင် နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံး ဘေးကင်းလုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ခြင်းဖြင့် ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြင့်မားသော နိုင်ငံသားများ ဖြစ်စေပြီး ကောင်းမွန်သောလူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့် ရရှိစေရေး အတွက် ပြည်သူလူထုတစ်ရပ်လုံးကလည်း စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် အတူ စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါရန် အကြံပြုရေးသား တင်ပြအပ်ပါသည်။
DOCA(မကွေး)