Main menu

စစ်ကိုင်းတိုင်းဒေသကြီး ၌ xxxxကုမ္ပဏီ မှ Fiber Internet ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုအားဖြေရှင်းဆောင်ရွက်

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ကွေ့ကြီးရပ်ကွက်၊ ရာပြည့်လမ်း၊ အမှတ်(၂ )လမ်းသွယ်တွင် နေထိုင်သော စားသုံးသူပြည်သူတစ်ဦးမှ xxxx ကုမ္ပဏီမှ  Fiber Internet ဝန်ဆောင်မှု ဝယ်ယူ သုံးစွဲခဲ့ရာ အင်တာနက်လိုင်းမကြာခဏပြတ်တောက်ခြင်းကြောင့်  ပြန်လည်ပြင်ဆင်ပေးရန် ကုမ္ပဏီသို့  အကြောင်းကြားခဲ့သော်လည်း အဆိုပါကုမ္ပဏီမှ စားသုံးသူကျေနပ်အောင် ဖြေရှင်းပေးနိုင်မှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန Website Complain System  သို့ ဆက်သွယ် တိုင်ကြားလာပါသည်။

      သက်ဆိုင်ရာကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် Wi-Fi router စက်အသစ် လဲပေးပြီးဖြစ်ကြောင်းနှင့် ဝန်ဆောင်မှု ပေးရန်ပျက်ကွက်သည့်ရက်များအတွက် အစားထိုးပြီးဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။ တိုင်းကြားသည့်စားသုံးသူထံ ဆက်သွယ်မေးမြန်းရာ Wi-Fi router စက်အသစ်လဲပေးပြီးဖြစ်သော်လည်း လိုင်းမကောင်းပါကြောင်း သတ်မှတ်အမြန်နှုန်း မရပါကြောင်း၊ ကုမ္ပဏီ၏ call center သို့ ဆက်သွယ်သော်လည်း ညှိနှိုင်းဖြေရှင်းပေးခြင်း မရှိသည့်အပြင် လာရောက်စစ်ဆေးပြုပြင်ပေးခြင်းများလည်း မရှိပါကြောင်း ပြန်ကြားလာပါသည်။

     တိုင်ကြားမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရန်    စစ်ကိုင်တိုင်းဒေသကြီး၊   စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် တိုင်ကြားသူနှင့် ကုမ္ပဏီတာဝန်ခံနှစ်ဦးတို့ကို တိုင်းဒေသကြီး ဦးစီးမှုးရုံး အစည်းအဝေးခန်းမ၌ ခေါ်ယူတွေ့ဆုံပြီး တိုင်းဒေသကြီး (CICC) တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှုး ဦးဝေဖြိုးထက် ဦးဆောင်သောအဖွဲ့ဖြင့် တိုင်ကြားမှုဖြစ်စဉ်အား နှစ်ဦးနှစ်ဖက်ကို မေးမြန်းခြင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အာမခံပေးရမည့်အချက် များ၊ ဝန်ဆောင်မှု၏အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တိုင်ကြားသည့်စာသုံးသူအား ကုမ္ပဏီမှ ပျက်ကွက်ရက်များအတွက် အစာထိုးရက် (၃၀) ပေးရန်နှင့် စားသုံးသူ၏ စိတ်ပိုင်းဆိုင်ရာနစ်နာမှု အတွက် ကုမ္ပဏီ၏တရားဝင်ရုံးစာဖြင့် တောင်းပန်ရန် ညှိနှိုင်းသဘောတူရရှိခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အား စားသုံးသူကာကွယ်ရေး နည်းဥပဒေပါသတ်မှတ်ချက်များနှင့်အညီ နှစ်ဖက် လက်မှတ်ရေးထိုးစေပြီး အဆိုပါ တိုင်ကြားမူအား အောင်မြင်စွာ ဖြေရှင်းခဲ့ပါသည်။

DOCA(စစ်ကိုင်း)