
မြန်မာနိုင်ငံအတွင်းရှိ တိုင်း/ ပြည်နယ် အသီးသီးတွင် စိုက်ပျိုးရေးထွက်ကုန်၊ မွေးမြူရေးထွက်ကုန်၊ တွင်းထွက်ပစ္စည်းမျိုးစုံ၊ ရေထွက်ပစ္စည်းမျိုးစုံ၊ အခြားလုပ်ငန်းအမျိုးအမျိုးနှင့် စားသောက်ကုန် လုပ်ငန်းများစွာရှိပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့၏ ဒေသထွက်စားသောက်ကုန် ပုသိမ်ဟာလဝါလုပ်ငန်းသည် နှစ်ပေါင်း (၉၀) ခန့်က စတင်ထုတ်လုပ်ရောင်းချလျက်ရှိရာ ယခုထက်တိုင် နာမည်ကြီး ရပ်တည်နေဆဲဖြစ်ပြီး နိုင်ငံအတွင်းရှိ မြို့အလိုက် နာမည်ကြီး ထင်ရှားကျော်ကြားလျက်ရှိသော မြန်မာရိုးရာမုန့်တွေထဲမှာဆိုရင် မန္တလေးမှာ ထိုးမုန့်၊ ပုသိမ်မှာ ဟာလဝါလို့ ပြောစမှတ်ပြုရလောက်အောင် ပုသိမ်ဟာလဝါကို မြန်မာတစ်နိုင်ငံလုံး ကြိုက်နှစ်သက်ကြပြီး အခါကြီးရက်ကြီး ပွဲတော်ကာလများတွင် ရဟန်းသံဃာတော်များကို လှူဒါန်းခြင်း၊ သက်ကြီးဝါကြီး ဘိုးဘွားဆွေမျိုးမိတ်သင်္ဂဟတို့ကို ပေးကမ်းလှူဒါန်းခြင်းအပြင် အလှူပွဲများ၊ မြန်မာလူမျိုးတွေရဲ့ ဧည့်ခန်းမှာ နေရာယူ လွမ်းမိုးထားသော မြန်မာ့ရိုးရာမုန့်တစ်ခုဖြစ်ပြီး ပုသိမ်မြို့ဒေသခံများအတွက်လည်း ဟာလဝါ ပြုလုပ်ရောင်းချခြင်းဟာ အဓိကစီးပွားရေး တစ်ခုလိုဆိုရမှာဖြစ်ကြောင်း ရွှေမြင်းပျံ ဟာလဝါလုပ်ငန်းရှင်မှ ပြောကြားသည်။
ပုသိမ်မြို့တွင် နာမည်ကြီးသည့် ရွှေမြင်းပျံဟာလဝါဆိုင်ကို လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကျော် ၁၉၇ဝ ခုနှစ်တွင် စတင်ထုတ်လုပ်ရောင်းချပြီး ယခုအချိန်ထိအောင် ပုသိမ်မြို့သို့ လာရောက်လည်ပတ်သော ဧည့်သည်များ၊ ဘုရားဖူးများ၊ ပင်လယ်ကမ်းခြေသို့လာရောက်သည့် ခရီးသွားများ အများဆုံး တန်ဖိုးထားဝယ်ယူလျက်ရှိသည့် ဒေသထွက်ကုန် လက်ဆောင်ပစ္စည်းအဖြစ်လည်း နာမည်ကြီးလျက်ရှိနေကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
