Main menu

မန်ကျည်းတစ်ပင်လုံး အသုံးဝင်ပုံနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      မန်ကျည်းမှည့်သည် စားဖိုဆောင်သုံး သီးနှံတစ်မျိုးတွင် အပါအဝင်ဖြစ်ပါသည်။ မန်ကျည်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အိမ်ခြံဝန်းများတွင် အလေ့ကျပေါက်ရောက်တတ်သလို အချို့မှာ အစေ့များကို ကျဲပက်၍ စိုကိပျိုးကြပါသည်။ မန်ကျည်းပင်တစ်ပင်လုံးသည် လူသားတို့အတွက် အသုံးဝင်သဖြင့် မြေကွက်လွတ်များ၊ ဥယျာဉ်ခြံများ၊ လယ်ကွင်းများတွင် စိုက်ပျိုးနိုင်ပါက ပိုမိုအကျိုး ဖြစ်ထွန်း မည်ဖြစ်ပါသည်။ အချို့လူများသည် မန်ကျည်းပင်ပေါက်များကို ခြံစည်းရိုးတွင် ခြံစည်းရိုးအစား ခြံစည်းရိုးအကာအရံအဖြစ်စိုက်ပျိုးကြသလို ထွက်ရှိလာသောမန်ကျည်းရွက်နုများကို သုပ်စားခြင်း၊ ချဉ်ရည်ဟင်းချက်၍လည်းစားသုံးကြပါသည်။ မန်ကျည်းသီးအစိမ်းများကိုလည်း ပေါ်ခါစအချိန်တွင် ဈေးကောင်းပေးဝယ်ယူကာ ကြော်ချက်၍လည်း စားသုံးကြပါသည်။ မန်ကျည်းသီးမှည့်များသည် ဟင်းချက်ရာတွင် အသုံးဝင်သလို ဆေးဖော်ရာတွင်လည်း အသုံးဝင်ပါသည်။ မန်ကျည်းသားသည် အလွန်မာကျော၍ ကြာရှည်ခံသဖြင့် စဉ်းတီတုံးများ၊ ဆန်ဖွပ်ရန်ကျည်ပွေ့များ၊ ဆီဆုံနှင့် ကြံကြိတ်စက်များ၊ အခြားသောလူအသုံးအဆောင်ပစ္စည်းများတွင် အသုံးပြုကြပါသည်။ မန်ကျည်း ခေါက်အသုံးဝင်ပုံမှာ မျက်စိနာသူများမန်ကျည်းခေါက်ကိုသွေး၍လိမ်းခြင်း၊ မိတ်ပေါက်လျှင်လည်း မန်ကျည်းခေါက်ကိုသွေး၍လိမ်းကြပါသည်။ ထို့ကြောင့် မန်ကျည်းပင်သည် လူတို့အတွက် အသုံးဝင် သည့် အပင်ဖြစ်ပါသည်။

     မန်ကျည်းမှည့် ဈေးနှုန်းဈေးကွက်အနေဖြင့် ပြည်ပွဲရုံများတွင် အောက်တိုဘာလတွင် မန်ကျည်းသီးမှည့်လက်ကျန်များ နည်းလာသော်လည်း ရခိုင်ဝယ်လက်များက အိန္ဒိယသို့တင်ပို့ရန် အဝယ်ရှိသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ မန်ကျည်းမှည့်ကို ဒေသတွင်း စားသုံးသူများမှ လက်လီဝယ်ယူစားသုံးကြသဖြင့် လက်လီဈေးမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပွဲရုံဈေး တစ်ပိဿာ လျှင် ၄၅၀၀ကျပ်ဖြင့် လက်ကျန်အဟောင်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       မန်ကျည်းသီးမှည့်ကို ပြည်ပနိုင်ငံများဖြစ်သော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မှဝယ်ယူမှုရှိ၍ ပြည်ပသို့တင်ပို့ရောင်းချရသည့်အပြင် ပြည်တွင်း၌လည်း စားသုံးကြသဖြင့် မန်ကျည်းပင် စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်ရှိသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သော သီးနှံဖြစ်ပြီး နိုင်ငံခြား ဝင်ငွေလည်းရရှိမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)