
ပဲသီးတောင့်ရှည်၏အင်္ဂလိပ်အမည်မှာ POLE BEAN, YARD LONG BEAN တို့ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Vigna sinensis နှင့် မျိုးရင်းအမည်မှာ LEGUMINOSAE ဖြစ်ပါသည်။ ပဲသီးတောင့်ရှည်၏ မူရင်းဒေသမှာ အာဖရိကတိုက်အလယ်ပိုင်း၊ အရှေ့မြောက်အာဖရိက၊ အိန္ဒိယ၊ အာရှတိုက်တို့ဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားနှင့် ကမ္ဘာ့နေရာ အနှံ့အပြားတွင် စိုက်ပျိုး ကြပါသည်။ ပဲသီးတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်မျိုး) ဟူ၍ နှစ်မျိုးခွဲခြားထားကြောင်းသိရပါသည်။ အပင်ရှည်မျိုးကိုတိုင်ထောင်၍ စိုက်ပျိုးကြသည်။ အတောင့် အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးကွဲပြားစွာရှိပြီး အစေ့အရောင်မှာ မျိုးအလိုက် အနီရောင်ပြောင်၊ အနီရောင်နှင့် အပြာရောင်ရောနှောနေသော အရောင်ဟူ၍ အမျိုးမျိုး ကွဲပြားစွာရှိကြောင်း သိရပါသည်။
ပဲသီးတောင့်ရှည်တွေဟာ နေ့စဉ်စားသုံးနေကျ ဟင်းလျာတွေထဲမှာ မကြာခဏတွေ့ရတတ် လေ့ရှိတဲ့ အသီးအရွက်တစ်မျိုးပါ။ အိမ်ချက်ဖြစ်ဖြစ်၊ စားသောက်ဆိုင်တွေမှာပဲဖြစ်ဖြစ်ပြုတ်စားမလား၊ ကြော်စားမလား အမျိုးမျိုးလုပ်စားနိုင်တဲ့အပြင် မုန့်တီသုပ်၊ မုန့်ဟင်းခါး၊ အာပူလျှာပူအစရှိသည့် အစိမ်းလိုက်တောင် ထည့်သွင်းစားသုံးတတ်ကြပါသေးသည်။ ပဲသီးတောင့်ရှည်တွင် ဖိုက်ဘာဓာတ် ကြွယ်ဝစွာပါဝင်ပြီး ပျော်ဝင်လွယ်သည့်အစာမျိုးဖြစ်တာမို့ ကိုယ်တွင်းရှိ သွေးချိုပမာဏ ပုံမှန် ဖြစ်အောင် ထိန်းသိမ်းရာမှာ အထူးကောင်းမွန်ပါသည်။ အရိုးနှင့်သွားကျန်းမာသန်စွမ်းဖို့အတွက် သာမက အာရုံကြောနှင့်ကြွက်သားများ ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လည်း အခြေခံကျသည့် သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ကယ်လ်စီယမ်ဓာတ်ကိုလည်း ပဲသီးတောင့်ရှည်စားသုံးခြင်းဖြင့် ရယူ နိုင်ပါသည်။ အာရုံကြောဖွဲ့စည်းမှု၊ အလုပ်လုပ်မှုတို့အတွက်သာမက ကြွက်သားတွေအတွက် အထူးအရေးပါတဲ့ ပိုတက်စီယမ်ဟာဆိုရင်လည်း ပဲသီးတောင့်ရှည်ကပေးစွမ်းနိုင်တဲ့ အာဟာရဓာတ် တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဈေးကွက်အတွင်းတွင် လက်လီဈေးနှုန်းအနေဖြင့် ပဲသီးတောင့်ရှည် (၁) ပိဿာလျှင် (၃၀၀၀) ကျပ်၊ လက်ကားဈေးနှုန်းအနေဖြင့် ပဲသီးတောင့်ရှည် (၁) ပိဿာလျှင် (၂၀၀၀ ) ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)
