Main menu

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ပြည်ထောင်စုဝန်ကြီးထံမှ ဩဝါဒခံယူခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၁၆.၁၀.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းများအား လမ်းညွှန်မှာကြားရာတွင် မိမိတို့ ဝန်ကြီးဌာနသည် တိုင်းပြည်အတွက် အရေးကြီးသော  ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ တိုင်းပြည်တစ်ခုတွင် စီးပွားရေး ကောင်းမှ  လူမှုရေးနှင့် အခြားကဏ္ဍများ ကောင်းမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ကွာခြားခြင်းကို သိရှိထားဖို့လိုကြောင်း ၊ ကုန်သွယ်ရေးသည်  ဒေသတွင်းရှိပြီးသား ကုန်စည်နှင့်ထွက်ကုန်များကို  ပြည်ပသို့ ပို့ခြင်း၊  ကုန်စည်တွေကို ပြည်ပမှ တင်သွင်းခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးသည် ကျယ်ပြန့်ပြီး ပြည်ပသို့ ပို့မည့် ကုန်စည်မှန်သမျှကို ကုန်ကြမ်းစုဆောင်း စတင်ထုတ်လုပ်သည့် အချိန်မှစ၍ ပြည်ပသို့ တင်ပို့နိုင်သည့် ကုန်စည်ဖြစ်သည်အထိ ကွင်းဆက် (Supply Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် လုပ်ငန်းတိုင်းကိုဆိုလိုကြောင်း၊ ပြည်တွင်းကုန်သွယ်မှုသည်လည်း ကူးသန်းရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းတိုင်းသည် တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ ဝန်ထမ်းများကလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင်  တာဝန်ထမ်းဆောင်ရခြင်းကို ဂုဏ်ယူ သင့်ကြောင်း ၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူအားလုံး အကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်မှု ဖြစ်စေရန် မျှော်မှန်းပြီး ဝန်ကြီးဌာန၏ Vision ဖြစ်သည့် “ Inclusive  Trade  for National Development ” “ အားလုံးအကျိုးခံစားရသောကုန်သွယ်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ” ကို ဝန်ထမ်းတိုင်းအားလုံး စိတ်တွင်စွဲမှတ်၍ မျှော်မှန်းချက် ပြည့်မြောက်အောင် ကြိုးပမ်းဆောင်ရွက် ကြရန် လမ်းညွှန်ခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့်လည်း စားသုံးသူကာကွယ်ရေးအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့လိုကြောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ဖို့ မိမိဒေသတွင်ရှိသည့် သီးနှံအထွက်နှုန်း ၊ စိုက်ဧက ၊ စက်ရုံ ၊ အလုပ်ရုံ၊ ကုန်ချောထွက်ရှိမှုအခြေအနေ စသည့် ဒေသန္တရအချက်အလက်များကို သိရှိထားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းတိုင်း မိမိလုပ်ရသည့် ဘာသာရပ်ကို ကျွမ်းကျင်ရန်လိုအပ်ကြောင်း၊ Technical Skills၊ Digital Skills ကျွမ်းကျင်ရန်၊ အင်္ဂလိပ်စာကိုလည်း လေ့လာထားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်နှင့် စိတ်ခံစားချက်တွင် တာဝန်ကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း အချင်းချင်း ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)