Main menu

စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ ခေါက်ဆွဲစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

     စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများနှင့်အတူ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတို့ပူးပေါင်း၍  စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ ရွှေဆင်အဆင့်မြင့် ဂျုံခေါက်ဆွဲ (GOLDEN ELEPHANT)စက်ရုံသို့ အောက်တိုဘာလ(၁၁)ရက်နေ့က သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ ပါသည်။

       ခေါက်ဆွဲစက်လုပ်ငန်းကို ၂၀၁၀ခုနှစ်ကစတင်ပြီး မတည်ရင်းနှီးငွေကျပ်သိန်း(၁၀၀၀၀)ဖြင့် စတင်ခဲ့ကြောင်း၊ ခေါက်ဆွဲကို ဘွိုင်လာစက်များဖြင့် ပေါင်းခံထုတ်လုပ်ပြီး၊ အချိန်(၆)နာရီကြာခန့် လေသလပ်ခံမှ ခြောက်သွေ့သော ခေါက်ဆွဲခြောက်များရရှိပြီး အလိုအလျောက်(Auto)စက်များဖြင့် သတ်မှတ်ထားသည့် အရှည်အတိုင်းအတာဖြတ်ခြင်း၊ ထုပ်ပိုးခြင်း စသည်ဖြင့် အဆင့်ဆင့်ဆောင်ရွက် ကြောင်း၊ စက်စွမ်းအားသည် တစ်နာရီလျှင် ခေါက်ဆွဲခြောက် တစ်တန် ထုတ်လုပ်နိုင်ကြောင်း၊ ခေါက်ဆွဲခြောက် တစ်တန်ရရှိရန် ကုန်ကြမ်းဂျုံ ၆၀၀ ပိဿာ အသုံးပြုရကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှ (၅) နာရီခန့် လုပ်ငန်းများလုပ်ကိုင်ပါကြောင်း၊ ကုန်ကြမ်းကို ရန်ကုန်မြို့မှ မေဇင်တံဆိပ်နှင့် မန္တလေးမြို့မှ ဒုံးပျံတံဆိပ်များဝယ်ယူအသုံးပြုပြီး ထွက်ရှိသည့်ကုန်ချော ခေါက်ဆွဲခြောက်များကို မြန်မာပြည်အနှံ့ ရောင်းချပါကြောင်း၊  လုပ်သားအင်အား ကျား ၁၀ဦးနှင့် မ ၄၀ဦး စုစုပေါင်း ၅၀ဦး အားအလုပ်အကိုင်အခွင့်အလမ်းများပေးထားနိုင်ပါကြောင်း၊ FDA လုပ်ငန်းလိုင်စင်ရရှိပြီးဖြစ်ကြောင်း၊ ‌ရွှေဆင်အဆင့်မြင့် ဂျုံခေါက်ဆွဲစက်သည် အခြားခေါက်ဆွဲစက်များထက် အားသာချက်မှာ ရာသီဥတု အခြေအနေကြောင့် ပျက်စီးမှုမရှိဘဲ အရည်အသွေး အဆင့်အတန်းမြင့်သော နိုင်ငံတကာ ဈေးကွက်ဝင် ကုန်ချောများ ထုတ်လုပ်နိုင်၍ ပြည်ပဈေးကွက်ဝေစု ရရှိလိုကြောင်း ဦးမြင့်ထွန်းထံမှ သိရှိရပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်‌ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည့်အချက်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)