Main menu

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ အောင်ဇမ္ဗူစပါးခွံလောင်စာတောင့်စက်ရုံသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

         ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ လောင်စာသုံးစွဲမှု မြင့်မားလာပြီး သစ်တောများ မပြုန်းတီးစေရေးနှင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးအတွက် သစ်တောနှင့်စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများကို ထင်းအစားလောင်စာ‌တောင့်များအဖြစ် ထုတ်လုပ်လျှက်ရှိရာ စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ အောင်ဇမ္ဗူလောင်စာ‌တောင့် စက်ရုံပိုင်ရှင် ဦးအောင်ကြည်စိုးအား စားသုံးသူရေးရာဦးစီးဌာနမှ စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်းများသည် အောက်တိုဘာလ ၁၁ ရက်နေ့ကသွားရောက်တွေ့ဆုံ၍ ထုတ်လုပ်ရောင်းဝယ်မှုအခြေအနေများနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

          အောင်ဇမ္ဗူလောင်စာ‌တောင့်စက်ရုံကို ၂၀၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု တန်ဘိုးကျပ်သိန်း (၁၅၀၀)ခန့်ဖြင့်စတင်လုပ်ကိုင်ခဲ့ကြောင်း၊အသုံးပြုစက်ယူနစ်မှာ 45 Hp (လျှပ်စစ်) ဖြစ်ပြီး၊ တရုတ် နိုင်ငံမှထုတ်လုပ်ကြောင်း၊ လွှစာမှုန့်၊ စပါးခွံ(သို့မဟုတ်)မြေပဲတောင့်ခွံကို ကုန်ကြမ်းအဖြစ် အသုံးပြု ကြောင်း၊ တစ်ရက်လျှင် လောင်စာတောင့် အစိမ်းတောင့် (၂)တန် ထုတ်လုပ်နိုင်ပြီး လောင်စာတောင့် အခြောက်(ကုန်ချော)မှာ အစိမ်း၏(၃)ပုံ(၁) ပုံခန့်ရရှိကြောင်း၊ လုပ်သားအင်အား ကျား(၃)ဦးနှင့် မ(၄)ဦးရှိပြီး၊ ကျား(၃)ဦးအား စားရိတ်ငြိမ်း စက်ဆရာ (၁) ဦး(၈၀၀ဝိ/-)၊ကျန် (၂)ဦး မှာ(၇၀၀ဝိ/-)နှင့် မ တစ်ဦးလျှင် (၆၀၀ဝိ/-) ပေးချေရကြောင်း၊ ကုန်ချောဖြစ်သော လောင်စာတောင့် တစ်ချောင်း၏ အရှည် ၁၈"၊ လုံးပတ် ၁.၅" အရွယ်ရှိ ၂၄ ချောင်းပါ  15 Kg တစ်ဖာလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ် (၇၅၀ဝိ/-)ခန့်ရှိပြီး၊ ရောင်းဈေးမှာ (၈၅၀ဝိ/-)ဖြစ်၍ တစ်ဖာလျှင် အကျိုးအမြတ် (၁၀၀ဝိ/-)ခန့် ရရှိကြောင်း၊လောင်စာတောင့်ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းကို ရေဦးမြို့နယ်နှင့် ခင်ဦးမြို့နယ်တို့မှ ဝယ်ယူပြီး ကုန်ချောကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ ရောင်းချ ကြောင်း၊ လောင်စာတောင့်လုပ်ငန်းအား လုပ်ကိုင်လိုသူများသော်လည်း မီးဖုတ်သည့် နည်းပညာ လိုအပ်‌နေသေးကြောင်း၊ ယခင်က ဗီယက်နမ်နိုင်ငံမှ ပညာရှင်လာရောက်၍ မီးဖုတ်သည့်နည်းပညာ လာရောက်ပြသသော်လည်း ထိရောက်သည့် နည်းပညာ မပေးနိုင်ကြောင်း၊ ဗီယက်နမ်နှင့် တရုတ် နိုင်ငံများမှ နည်းပညာများ လိုအပ်ပါကြောင်း လောင်စာတောင့်စက်ရုံလုပ်ငန်းရှင် ဦးအောင်ကြည်စိုး ထံမှ သိရှိရပါသည်။

      စပါးခွံလောင်စာတောင့် အသုံးပြုခြင်းဖြင့် မီးခိုးထွက်ခြင်း မရှိ၍ ကင်ဆာရောဂါ ဖြစ်နိုင်ချေ လျှော့ချခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ခြင်းနှင့် ပြည်ပ(တရုတ်)သို့ တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေရရှိနိုင်ခြင်းတို့ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)