Main menu

ပြည် ကုန်စည်ဒိုင်၏ ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

       ပြည်ကုန်စည်ဒိုင်ရှိ ပဲအမျိုးအစားအလိုက် ဈေးများမှာ အောက်တိုဘာလဒုတိယပတ်တွင် ပဲဈေးများကျနေပြီး၊ တတိယပတ်တွင် ပဲဈေးများပြန်တက်လာသည်ကို တွေ့ရှိရပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၅၉၅၀၀-၆၀၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် မတ်ပဲဈေးတက်လာပြီး တစ်တင်းကို ၆၂၀၀၀-၆၂၃၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက် အဝယ်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်းသစ်များ ဝင်စပြုနေပြီး ပန်းတောင်း၊ ကံမဘက်မှ တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် အဝင်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းကို ၄၅၀၀၀-၄၇၀၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ပြီး လှောင်သမားများနှင့် မန္တလေးအဝယ်ရှိ၍ တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

     အောက်တိုဘာလ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၂၀၀၀ကျပ်ဖြင့် ရန်ကုန်သို့ တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် တင်ပို့မှုရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို ၆၃၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်မှ အဝယ်ရှိပါသည်။

    ကုလားပဲသီးနှံဈေးမှာ အောက်တိုဘာလ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၆၂၀၀၀-၆၃၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၃၀၀၀-၆၄၀၀၀ကျပ်ဖြင့် ခွဲစက်သမားများနှင့် တခါတရံ ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀ခန့် အရောင်းအဝယ်ဖြစ်ပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ကုလားပဲဈေးတက်လာပြီး ကုလားပဲ (HL) တစ်တင်းကို ၆၄၅၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၄၅၀၀ကျပ်ဖြင့် ခွဲစက်သမားများ အဝယ်ရှိပါသည်။

   အောက်တိုဘာလ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၇၅၀၀၀ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်းလျင် ၇၀၀၀၀-၇၁၀၀၀ ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၇၅၂၀၀ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်းလျှင် ၇၁၀၀၀-၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများနှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၃၅၀ခန့် အဝယ်ရှိပါသည်။

    ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ဒုတိယပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ၁၂၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၅၀ခန့် အဝယ်ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၀၀၀၀-၁၂၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် ရှိပါ သည်။

  အောက်တိုဘာလ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၁၀၀၀-၄၂၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၅၀ခန့်သာအဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်ပဲ ဈေးအေးနေပြီး တစ်တင်းကို ၄၁၀၀၀-၄၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့တင်ပို့သောပဲများမှာ အရောင်းအဝယ်အေးလျက်ရှိပြီး မြို့တွင်း ရောင်းဝယ်မှုရှိသော ပဲများမှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)